Homeမြန်မာသတင်း
Mytel ဆင်းမ်ကတ်ဖြင့် အစိုးရကိုဝေဖန်တိုက်ခိုက်သည့် SMS များပို့နေမှု တိုင်ကြားမှ အရေးယူမည်ဟု ဆိုက်ဘာမှုခင်းတပ်ဖွဲ့ပြော
Mytel ဆင်းမ်ကတ်ဖြင့် အစိုးရကိုဝေဖန်တိုက်ခိုက်သည့် SMS များပို့နေမှု တိုင်ကြားမှ အရေးယူမည်ဟု ဆိုက်ဘာမှုခင်းတပ်ဖွဲ့ပြော
DVB
·
October 12, 2020
အစိုးရနဲ့ ရွေးကောက်ပွဲအပေါ် ရည်ရွယ်ချက်ရှိရှိဝေဖန်တဲ့ SMS မက်ဆေ့ချ်တွေ Mytel Sim Card နဲ့ မိုဘိုင်းဖုန်းတွေဆီကို ပေးပို့နေတဲ့အပေါ် တိုင်ကြားသူရှိမှ အရေးယူနိုင်မယ်လို့ ဆိုက်ဘာမှုခင်းတပ်ဖွဲ့က ပြောပါတယ်။
Mytel Sim Card နံပါတ်တွေနဲ့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိတဲ့ မက်ဆေ့ချ်တွေ ပေးပို့နေတာတွေရှိနေတာပါ။
"ကိုဗစ်လူနာနဲ့ သေဆုံးသူဦးရေဟာ နေ့စဉ်တိုးလာနေပါပြီ။ ပြည်သူတွေရဲ့ ကျန်းမာရေးက အရေးကြီးသလား။ အာဏာတည်မြဲရေးက အရေးကြီးသလား စဉ်းစားချိန်တန်ပြီ" ဆိုတဲ့ စာသားတွေ၊ "ပြည်သူလူထုအနေနဲ့ ကိုယ့်တိုင်းပြည်အခြေအနေကို ဘယ်လို သဘောပေါက်ထား သလဲ။ အဘက်ဘက်က ပြည့်စုံပြီး အေးချမ်းသာယာပျော်ရွင် နေချင့်စဖွယ်ဖြစ်နေပြီလို့ ထင်သလား" စတဲ့ မေးခွန်းတွေကို ပို့နေတာဖြစ်ပါတယ်။
အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြားသူ တရားလိုရှိမှသာ အရေးယူလို့ရမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုက်ဘာမှုခင်းဌာနမှူး ရဲမှူးကြီးညွန့်ဝေက ပြောပါတယ်။
အဲဒီလိုပို့နေတဲ့နံပါတ်တွေကို ဒီဗွီဘီက ဆက်သွယ်ရာမှာတော့ အရင်နေ့တွေက ဖုန်းလက်ခံမဖြေဘဲ ဒီနေ့မှာဆိုရင်တော့ စက်ပိတ်ထားတာကိုတွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ Mytel ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ပြည်သူလူထုကို မမှန်သတင်းတွေ ဖြန့်ဝေပြီး ရွေးကောက်ပွဲအသာရအောင် ဆောင်ရွက်နေတဲ့ အဲဒီဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး ဥပဒေအရ တိုင်ကြားနိုင်တဲ့အနေအထားတွေ့ရင် တိုင်ကြားသွားမယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နိုင်ငံတော်အကြီးအကဲတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ သတင်းမှားတွေ ဖြန့်ဝေနေသူတွေကို အများပြည်သူသိရှိအောင် အစိုးရက ကြေညာခဲ့ပါသေးတယ်။
သတင်း- ထက်ဝေအောင်