ဂျေမီဖောက်စ် ပါဝင်သည့် အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ မှ ပြသမည်(နမူနာ)

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ် ပါဝင်တဲ့ ကွန်ပျူတာ အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ ကနေ ဦးဦးဖျားဖျား ပြသသွားမယ်လို့ သိရပါတယ်။ Walt Disney Pictures နဲ့ Pixar Animation Studios တို့က ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီကားကိုတော့ Up (2009)၊ Inside Out (2015) စတဲ့ နာမည်ကြီး အဲန်နီမေးရှင်း ရုပ်ရှင်တွေနဲ့ အော်စကာဆုတွေ ရရှိထားခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Pete Docter က တာဝန်ယူရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဟာ အလယ်တန်းကျောင်းတကျောင်းက ဂီတဆရာတယောက်ဖြစ်ပြီး သူ့အိပ်မက်ကတော့ စတိတ်ဂျ်ပေါ်မှာ ဂျက်ဇ်ဂီတနဲ့ ခမ်းခမ်းနားနား ဖျော်ဖြေနိုင်ဖို့ စိတ်အားထက်သန်မှုတွေနဲ့ ဖြတ်သန်းနေသူတယောက်ပါ။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ မတော်တဆမှုတခုကြောင့် သူ့ခန္ဓာကိုယ်ထဲက ဂီတစိတ်ဝိညာဉ်က လွင့်ထွက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒါကို ပြန်ခေါ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတွေနဲ့အတူ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အသံသရုပ်ဆောင်တွေအနေနဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ်က ဂျိုး နေရာမှာ ပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tina Fey၊ Questlove၊ Phylicia Rashad၊ Daveed Diggs နဲ့ Angela Bassett တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.3 ထိ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဘတ်ဂျက်အမေရိကန်ဓေါ်လာ သန်း ၁၅၀ ကျော် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကို အောက်တိုဘာ ၁၁ ရက်နေ့က BFI London Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အစက ဇွန်လထဲမှာ ရုံတင်ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ကမ္ဘာ့နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို Disney+ ကနေ Digital Streaming ပလက်ဖောင်းကနေ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြသသွားဖို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

More News
Up