Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ ကြိုတင်မဲလာပေးသည့် မြန်မာနိုင်ငံသား ၁ သောင်းကျော်အထိရှိလာ
DVB
·
October 12, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနေကြရာမှာ အောက်တိုဘာ ရက်မှ ၁၁ ရက်အထိ  မဲလာပေးသူ ၁၀,၀၀၀ ကျော် ရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။  ဘန်ကောက်မြို့ မြန်မာသံရုံးရှိ မဲရုံ ၃ ရုံမှာ ကြိုတင်မဲပေးသူ  ၉၇၄၁ ဦးနဲ့ ချင်းမိုင် ကောင်စစ်ဝန်ချုပ်ရုံးမှာ ၄၁၀ ဦး စုစုပေါင်း  ၁၀,၁၅၁ ဦးမဲပေးခဲ့ကြပြီး အများစုက ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံအတွင်းခရိုင် ၇၇ ခုမှာ  ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအတွက်  ဘန်ကောက်အခြေစိုက် မြန်မာသံရုံးဝန်းအတွင်းမှာ  အမှတ်(၁)၊  အမှတ်(၂) နဲ့  အမှတ်(၃) မဲရုံဆိုပြီး ဖွင့်လှစ်ပေးထားသလို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာလည်း မဲရုံဖွင့်လှစ်ပြီး ကြိုတင်မဲပေးပွဲကျင်းပနေတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်လို့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစည်းကမ်းနဲ့အညီ လိုက်နာ  မဲပေးရတာဖြစ်ပြီး မနေ့က အောက်တိုဘာ ၁၁ ရက်ကတော့ တနင်္ဂနွေ အလုပ်ပတ်ရက်ဖြစ်လို့ ဘန်ကောက်မြန်မာသံရုံးမှာ မဲဆန္ဒရှင် အယောက် ၃၀၀၀ လောက်အထိ စံချိန်တင် လာရောက်မဲပေးခဲ့ပါတယ်။ ကြိုတင်မဲရုံ အမှတ်(၁)မှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းကမဲဆန္ဒရှင်တွေမဲပေးရတာဖြစ်ပြီး  မဲရုံအမှတ်(၂)မှာတော့ မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေဖြစ်ကာ   မဲရုံအမှတ်(၃)မှာတော့  တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်နဲ့  ချင်းပြည်နည်က မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးဖို့ နေရာချထားပေးတာပါ။ ရှမ်းပြည်နယ်က မဲဆန္ဒရှင်တွေကတော့ ချင်းမိုင်က ကောင်စစ်ဝန်ချုပ်ရုံးမှာ ကြိုတင်မဲပေးကြရတာပါ။  မဲရုံတစ်ရုံကို  ကြိုတင်မဲပေးသူ အယောက် ၆၀၀ မှ   ၈၀၀ အထိ မဲပေးနိုင်အောင်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကကြိုတင် ပြင်ဆင်ပေးထားပြီး အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့  ကလေးငယ်မိခင်တွေကို ဦးစားပေး မဲပေးစေတဲ့ စနစ်မျိုးလည်း စီစဉ်ထား ရှိပါတယ်။ ကြိုတင်မဲလာပေးတဲ့ ရွေ့ပြောင်းအလုပ်သမားတဦးကတော့   မိမိထည့်လိုက်တဲ့မဲဟာ  ပြည်သူအတွက်နဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မဲပေးတာဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား  ၃ သန်းကျော်ရှိမယ်လို့ခန့်မှန်းထားပြီး  ၂ သန်းနီးပါးက တရားဝင်နေထိုင်သူတွေ ဖြစ်ပါတယ်။  ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ ပုံစံ-၁၅ လျှောက်ထားတဲ့ မြန်မာမဲဆန္ဒရှင်ပေါင်း  ၃၅၀၀၀ လောက်ရှိပေမဲ့   ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် သံရုံးမှာ ကြိုတင်မဲ လာမပေးနိုင်သူတွေရှိသလို လုပ်ငန်းခွင်က နားရက်မရလို့ မဲပေးခွင့် ဆုံးရှုံးခဲ့ရသူတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ဘန်ကောက်မြန်မာသံရုံးမှာ  ထိုင်းရောက်မြန်မာနိုင်ငံသား မဲဆန္ဒရှင်  အယောက် ၁၀၀၀ လောက်သာ မဲလာပေးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထံက သိရပါတယ်။   သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024