မြစ်ကြီးနားတွင် တစ်ပတ်အတွင်း ကလေးငယ်အလောင်း၂ လောင်း လာပစ်ထား
DVB
·
October 12, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နဲ့ ရမ်ပူရပ်ကွက်မှာ တစ်ပတ်အတွင်း ကလေးငယ် အလောင်း ၂ လောင်း ပစ်ထားမှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်က ရမ်ပူရပ်ကွက်နယ်မြေ(၇)အတွင်းက လမ်းဘေးတစ်နေရာမှာ သေဆုံးနေတဲ့ ကလေးငယ်ရဲ့အလောင်းကို လာပစ်ထားတာတွေ့ခဲ့ရသလို အောက်တိုဘာ ၆ ရက်ကလည်း မြေမြင့်ရပ်ကွက်၊ လမ်းသွယ်(၁၁)ထိပ်မှာ ရက်သားအရွယ် ကလေးအလောင်းကို ဓာတ်ဘူးထည့်တဲ့ ဂျပ်ဖာဘူးအခွံထဲမှာ အနှီးအဖြူနဲ့ထုတ်ထားပြီး အမှိုက်ပုံနားမှာ ပြင်ပဒဏ်ရာမရှိဘဲနဲ့ လာပစ်ထားတာဖြစ်ပါတယ်။
မြေမြင့်ရပ်ကွက်က ရက်သားအရွယ်ကလေးသေဆုံးမှုကို နယ်မြေရဲစခန်းမှာ ကလေး အလောင်းကို ဖျောက်ဖျက်ခြင်းနဲ့ မွေးဖွားမှုကို ထိမ်ချန်ခြင်း ပုဒ်မ ၃၁၈နဲ့ အမှုဖွင့်ထားကာ တရားခံကိုတော့ စုံစမ်းနေဆဲလို့ မြစ်ကြီးနား နယ်မြေ ရဲစခန်းက စခန်းမှူး နိုင်ဝင်းက ပြောပါတယ်။
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းက ကလေးမိခင်တဦး ကလေးဖျက်ချပြီးလာပစ်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေကြပြီး အမှုဖွင့်ထားခြင်းမရှိဘူးလို့ နယ်မြေရဲစခန်းကနေ သိရပါတယ်။
သတင်း - မီးမီး