Homeသတင်းဓာတ်ပုံ
ချင်းမိုင်တွင် ကြိုတင်မဲပေးရန်ကျန်နေသူများ အောက်တိုဘာ ၁၃ ရက်နေ့ မဲလာပေးနိုင် (ဓာတ်ပုံ)
ချင်းမိုင်တွင် ကြိုတင်မဲပေးရန်ကျန်နေသူများ အောက်တိုဘာ ၁၃ ရက်နေ့ မဲလာပေးနိုင် (ဓာတ်ပုံ)
နန်းမြနဒီ
·
October 12, 2020
ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို အောက်တိုဘာ ၁၀၊ ၁၁ နဲ့ ၁၃ ရက်တွေအတွင်း လာထည့်ကြဖို့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါကြေညာချက်အရ ပြီးခဲတဲ့ အောက်တိုဘာ ၁၀ နေ့မှာ ရှမ်းပြည်နယ် မိုင်းကိုင်၊ လားရှိုး ၊မိုင်းရှူး၊ နမ့်စန်၊ ကျေးသီးက မဲဆန္ဒရှင်တွေ ကြိုတင်မဲလာထည့်ပြီး ၁၁ ရက်နေ့မှာတော့ ကွန်ဟိန်း၊ လင်းခေး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းပန်၊ မူဆယ်၊ ကလော၊ လွိုင်လင်၊ သိန္နီ၊ မိုးနဲ၊ မောက်မယ်၊ ဆီဆိုင်၊ မိုင်းဖျတ်၊ မိုင်းတုံ၊ ဟိုပန်၊ ပင်းတယ၊ ဖယ်ခုံ၊ တောင်ကြီး၊ နမ္မတူ၊ ဟိုပုံး၊ နောင်ချို၊ မိုင်းရယ်၊ ရပ်စောက်၊ နမ့်ဆန်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကွတ်ခိုင်၊ ပင်လောင်း စတဲ့ မဲဆန္ဒရှင်တွေ မဲလာထည့်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီနေ့ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် မဲလာမထည့်ရသေးတဲ့သူတွေ အနေနဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကျရင် မဲလာထည့်နိုင်သေးကြောင်း၊ ၁၀ ရက်နေ့က မထည့်လိုက်ရသူတွေဟာ မနက်ပိုင်းမှာလည်းကောင်း၊ ၁၁ ရက်နေ့က လူတွေဟာ ညနေပိုင်းမှာ လည်း ကောင်း မဲလာထည့်တယ်လို့ ချင်းမိုင်ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့တရားဝင်ရုံးပိတ်ရက်ဖြစ်တာကြောင့် အလုပ်သမားတွေ နားရက်ရပြီး မဲလာထည့်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒါ့အပြင် ပုံစံ ၁၅ တင်ထားပြီး မဲပေးခွင့်ရသူစာရင်းထဲပါမလာတဲ့ နောက်ထပ် ၆ ဦးမှာလည်း အဲဒီနေ့မှာ လာထည့်နိုင်တယ်လို့ ချင်းမိုင် - မြန်မာကောင်စစ်ဝန် ဦးဇော်မျိုးထက်က ဒီဗွီဘီကို ပြောပါတယ်။
“တချို့ကတော့ မအားလို့မဲလာမထည့်နိုင်တာပေါ့နော် ၁၃ ရက်နေ့ကတော့ ထိုင်းအစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် အလုပ်တွေပိတ်ပါမယ်။ အဲဒီတော့ ၁၀ - ၁၁ ရက် စနေ တနင်္ဂနွေမှာ အလုပ်သွားတက်နေရတဲ့ လူတော်တော်များများဟာ ၁၃ ရက်နေ့မှာ လာနိုင်မယ်လို့မျှော်လင့်တယ်၊ သာမန်နေ့မှာ အလုပ်ပျက်ခံပြီးမလာနိုင်တဲ့သူတွေ၊ ခွင့်မရတဲ့သူတွေ လာပေးနိုင်အောင်လို့ အစိုး ရရုံးပိတ်ရက်ကို ရွေးပေးထားတာပါခင်ဗျ။ ပုံစံ-၁၅ တင်သွင်းပြီး နာမည်စာရင်းပါမလာတဲ့ သူ တွေကိုလည်း ကျနော်တို့ပြန်ပြီးစစ်ပါတယ်။ တခြားမြန်မာသံရုံးစာရင်းထဲ မှားယွင်းပြီးပါသွားတဲ့ သူတွေရှိတယ်။ အခြားသံရုံးက ပြန်ပို့ပေးတာကို နောက်ဆက်တွဲဆိုပြီး ပြန်ထုတ်ပေးတယ်။ ဟိုတနေ့က လည်း နောက်ဆက်တွဲက ထုတ်ပြီးသွားပါပြီ၊ ဒုတိယအသုတ်ထပ်ရောက်လာတာ ၆ ယောက် သူတို့လည်း ၁၃ ရက်နေ့မှာ လာထည့်ရမယ်ခင်ဗျ။”
နောက်ဆက်တွဲ ၆ ဦးစာရင်းမှာ ရန်ကုန်တိုင်းက ၂ ဦး၊ ပဲခူးတိုင်းက ၂ ဦး၊ ချင်းပြည်နယ်က ၁ ဦးနဲ့ ကချင်ပြည်နယ်က ၁ ဦးတို့ပါဝင်ပါတယ်။
ချင်းမိုင်ကောင်စစ်ဝန်ချုပ်ရုံးမှာ ကြိုတင်မဲပေးဖို့ ပုံစံ-၁၅ တင်သွင်းခဲ့သူပေါင်း ၁၀၅၄ ဦးရှိပြီး နောက်ဆက်တွဲတွေပါပါရင် ၁၀၂၇ ဦး မဲပေးပိုင်ခွင့်ရရှိခဲ့တယ်လို့ ဦးဇော်မျိုးထက်က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက် နဲ့ ၁၁ ရက်နေ့တွေမှာတော့ မဲဆန္ဒရှင် စုစုပေါင်း ၄၁၀ ဦး လာရောက်မဲ ပေးခဲ့ပါတယ်။