အင်တာနောက်ခံလူ အက်ရှ်လေယန်း ကိုဗစ်-၁၉ ကူးစက်ခံရ

258
အင်တာမီလန်အသင်းနောက်ခံလူ အက်ရှ်လေယန်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး သီးသန့်ခွဲခြား နေထိုင်နေရတယ်လို့ အင်တာအသင်းက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ကြေညာချက်တစောင်မှာ “စနေနေ့မှာလုပ်ခဲ့တဲ့ ဆေးစစ်မှု ရလဒ်အရ အက်ရှ်လေယန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပြီး အင်္ဂလန် ကစားသမားဟာ နေအိမ်မှာပဲ ကွာရန်တင်းဝင် ရောက်နေပါတယ်” လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ယန်းဟာ အောက်တိုဘာ ၁၇ ရက်နေ့ ကစားမယ့် အေစီမီလန်အသင်းနဲ့ မီလန်ဒါဘီ ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် မတ်လကစလို့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ဘောလုံးပွဲစဉ် အများအပြားဟာ ပြီးခဲ့တဲ့ နွေရာသီအစောပိုင်းကာလအထိ ရပ်ဆိုင်းခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတဝန်းလုံး ရောဂါကူးစက်ခံရသူပေါင်းဟာ ၃၈ သန်းနီးပါးနဲ့ သေဆုံးသူအရေအတွက်က ၁ သန်းကျော်အထိရှိခဲ့ပါပြီ။
အီတလီနိုင်ငံမှာ ကူးစက်ခံရသူအရေအတွက်ဟာ ၃ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၃၆၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။
၃၅ နှစ်အရွယ် ယန်းဟာ အင်တာမီလန်အသင်းရဲ့ ဒီရာသီစီးရီးအေပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်ခွင့်ရရှိထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပါတယ်။
ဒီပွဲစဉ် ၃ ခုစလုံးမှာလည်း သူဟာ အသင်းအတွက် ပုံမှန်ခြေစွမ်းကို ဆက်လက်ပြသနိုင်ဆဲ ဖြစ်ပါတယ်။
သူဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အင်တာမီလန်အသင်းကို ရောက်ရှိခဲ့ပေမဲ့ အသင်းရဲ့ ပွဲထွက်စာရင်းမှာ ပုံမှန်ပါဝင်ခွင့် ရရှိထားသူပါ။ ပြီးခဲ့တဲ့နှစ် ဒုတိယရာသီဝက်မှာ အသင်းရဲ့ စီးရီးအေပွဲစဉ် ၁၈ ပွဲစလုံးကို ပါဝင်နိုင်ခဲ့ကာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ယန်းဟာ အင်တာမီလန်အသင်းကို မပြောင်းခင် မန်ချက်စတာယူနိုက်တက်အသင်းမှာက စားခဲ့ပြီး ၂၆၁ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ၄၃ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
သူဟာ ကစားသမားဘဝကို ဝက်ဖို့ဒ်အသင်းနဲ့စတင်ခဲ့ပြီး အဲ့ဒီကနေ ဗီလာအသင်းကို ပြောင်းကာ နောက်ပိုင်းမှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။