တနိုင်ငံလုံးတွင် လှိုင်သာယာနှင့် မြောက်ဥက္ကလာပက ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံးဖြစ်
မြတ်နိုးအောင်
·
October 12, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေစာရင်းမှာ ရန်ကုန်တိုင်းမြို့နယ် ၂ ခုဖြစ်တဲ့ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက အများဆုံးဖြစ်နေပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာစုစုပေါင်း ၂၇,၉၇၄ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၆၄၆ ယောက် ရှိနေပါတယ်။
လတ်တလောအချိန်ထိ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာတော့ လူနာ ၁,၄၃၅ ယောက်နဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ၁,၄၃၁ ယောက်စီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။
အဲဒီမြို့နယ် ၂ ခုရဲ့ နောက်မှာတော့ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၉၉ ယောက်၊ ၁,၂၁၂ ယောက်၊ ၁,၁၅၇ ယောက်စီ အသီးသီးနဲ့ ထိပ်ဆုံး ၅ မြို့နယ်အနေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အမှတ်စဉ် ၆ နေရာမှာတော့ တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉၉၇ ယောက်နဲ့ ရှိနေတာပါ။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၂ သောင်းကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာအများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ ရခိုင်ပြည်နယ်က ရှိနေတာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တယောက်မှ မတွေ့ရှိရသေးပါဘူး။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇ ဒဿမ ၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး လတ်တလောမှာတော့ ရခိုင်ပြည်နယ်က တကျော့ပြန် ကူးစက်မှုတွေနဲ့အတူ ရောဂါပိုးတွေ့လူနာတွေ၊ သေဆုံးမှုတွေ မြင့်တက်လာခဲ့တာပါ။