Homeမြန်မာသတင်း
ရှမ်းပြည်နယ် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များကို ၁ ဦး ကျပ် ၁ သောင်းနှုန်းဖြင့် ကိုဗစ်-၁၉ စစ်ပေးမည်
ရှမ်းပြည်နယ် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များကို ၁ ဦး ကျပ် ၁ သောင်းနှုန်းဖြင့် ကိုဗစ်-၁၉ စစ်ပေးမည်
DVB
·
October 11, 2020
ရှမ်းပြည်နယ်အတွင်းက အဝေးပြေးကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေဟာ ခရီးမသွားမီ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ Rapid Test Kit အသုံးပြု စစ်ဆေးပေးမှာဖြစ်ပြီး တဦးကို တစ်သောင်းကျပ် ကောက်ခံမယ်လို့ ရှမ်းပြည်နယ်အစိုးရရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆွေဝင်းက အောက်တိုဘာ ၁၀ နေ့မှာ DVB ကို ပြောပါတယ်။
ဒီကြေညာချက်ကို အောက်တိုဘာ ၁၂ ရက်နေ့ စတင်ဆောင်ရွက်ဖို့ ရှမ်းပြည်နယ်အတွင်းက ခရိုင်၊ မြို့နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံးကို ကြေညာထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က “ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မြို့နယ်အလိုက် စစ်ပေးမှာမဟုတ်ဘူး။ ပြည်နယ်အထွက် နောင်ချိုမြို့အစပ်မှာသာ စစ်ပေးမှာပါ။ ပြည်နယ်ကို ပြန်ဝင်လာရင် ပြန်စစ်ရမယ့် SOP အသေးစိတ် ထပ်ထွက်မှာပါ” လို့ ပြောပါတယ်။
ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတခုက ကိုမျိုးဇော်ဝင်းက “ဒါအရမ်းကို ဖြစ်သင့်တဲ့ ကြေညာချက်ပါ။ တခုပဲ ဝါးတားဂိတ်လေးတွေ ဒါကိုမသိပဲ အဝင်အထွက်တားဆီးမှာကို စိုးရိမ်တယ်” လို့ ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့က နယ်စပ်ကုန်သည်များအသင်းက တာဝန်ရှိသူတဦးက “ဗဟိုနဲ့ပြည်နယ်အစိုးရဲ့လမ်းညွှန်ချက် ကဝမ်းသာစရာပါ။ မနက်တမျိုး ညတမျိုး အပြောင်းအလဲမမြန်ဘဲ အတည်ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။
နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ရွာ စစ်ဆေးရေးဂိတ်မှာ မနက်ဆယ်နာရီမှ ညနေ သုံးနာရီထိ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။