ဟင်္သာတတွင် ပါတီနှစ်ခု ဝန်းရံသူများ ပြဿနာဖြစ်ပြီး အပြန်အလှန်ခဲဖြင့်ထု
DVB
·
October 11, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီ နဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံဝန်းရံသူတွေ ပြဿနာဖြစ်ပြီး ခဲနဲ့ထုကြလို့ နှစ်ဖက်လုံး ဒဏ်ရာရခဲ့ကြပါတယ်။
NLD အင်္ကျီ ဝတ်ဆင်ထားသူတွေနဲ့ ပါတီ တံဆိပ်၊ အလံ စတဲ့ ပါတီနဲ့သက်ဆိုင်တဲ့ တံဆိပ် အမှတ်အသားတွေ ကပ်ထား၊ ထောင်ထားတဲ့ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ နေအိမ်တွေကို ကြံ့ခိုင်ရေးပါတီ ထောက်ခံအင်အားပြတဲ့ ယာဉ်တန်းမှာ ပါဝင်လာတဲ့ လူအချို့က ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့တယ်လို့ NLD ပါတီ ဟင်္သာတမြို့နယ် သတင်းပြန်ကြားရေး ကိုကျော်ဇေယျာဦးက DVB ကို ပြောပါတယ်။
“ရေခဲခြစ်ရောင်းတဲ့ ပါတီအလံပါတဲ့ လှည်းကို ဝိုင်းထိုးပြီးပြန်သွားတယ်၊ နောက် တာဝရောက်တော့ ကျန်တဲ့အဖွဲ့တွေက အလံတွေထောင်ထားတဲ့ အိမ်တွေကို ခဲတဲ့ပြန်ထုတယ်။ ပြဿနာရှာတယ်၊ ပါတီတံဆိပ်ပါတဲ့ ဆိုင်ကယ်တွေကို ဝိုင်းရိုက်တာ ကားတွေကိုလည်း ခဲနဲ့ ထုတယ်၊ ဒါမျိုးလုပ်သွားတာ ၁ ဦးကတော့ ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အင်အားပြထောက်ခံတဲ့ ယာဉ်တန်းက လူအချို့ရဲ့ ခဲနဲ့ပစ်၊ တုတ်နဲ့ရိုက်တာ ခံရလို့ လူ ၁၄ ယောက် ဒဏ်ရာရခဲ့သလို ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဝန်းရံထောက်ခံသူတွေ ရွာ ၅ ရွာလောက် ပူးပေါင်းပြီး အင်အားပြ လှည့်လည်ချိန်မှာ NLD ပါတီအလံတပ်ထားတဲ့ ရေခဲချောင်းရောင်းတဲ့ဆိုင်ကယ်က ဘေးကမောင်းရင်း နှောင့်ယှက်စကားပြောခဲ့သလို ယာဉ်တန်းနဲ့ ချိတ်မိခဲ့တယ်လို့ ဟင်္သာတ ကြံ့ခိုင်ရေးပါတီ ဝန်းရံထောက်ခံသူ ကိုအောင်မျိုးကျော်က DVB ကို ပြောပါတယ်။
“အဲ့ဆိုင်ကယ်က ယာဉ်တန်းဘေးကို ကပ်ပြီး လိုက်နှောင့်ယှက်တာ ချိတ်မိသွားတယ်။ ဒဏ်ရာတော့မရဘူး၊ အဲ့တာကို တာဂွထိပ်ကသွားပြီး လူစုစောင့်ပြီး ပြဿနာပြန်ရှာတာ၊ ဟိုဘက်က အရင်ခဲတွေနဲ့ စထုတာပါ၊ ကျနော်တို့ဘက်မှာလည်း ဒဏ်ရာရတဲ့လူတွေရှိ၊ တယောက်ဆို ဆေးရုံကလက်မခံလို့ ဟင်္သာတဆေးရုံပြောင်းပို့ရတယ်” လို့ ပြောပါတယ်။
အင်အားပြထောက်ခံဝန်းရံတဲ့ ယာဉ်တန်းကို တာဂွမှာ လူ ၂၀၀ လောက် စုစောင့်ပြီး ယာဉ်တန်းရဲ့ နောက်ဆုံး ၂ စီးကို ခဲတွေနဲ့ စထုခဲ့လို့ အပြန်အလှန်ခဲတွေနဲ့ ထုတာဖြစ်ပြီး ၁၁ ယောက်လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်အမှုဖွင့်တာမျိုး မရှိသလို ရဲစခန်းမှာလည်း မော်တော်ယာဉ်တွေနဲ့ အခင်းဖြစ်ရပ်မှာ ပါခဲ့သူတွေကို ထိန်းသိမ်းအရေးယူထားတာ မရှိသေးဘူးလို့ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က DVB ကိုပြောပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)