မူဆယ် ကုန်တင် ယာဥ်မောင်းနှင့်နောက်လိုက် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
DVB
·
October 11, 2020
မူဆယ်တွင် အဝင်၊ အထွက် ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို Test Kit နဲ့ ဆေးစစ်ပေးရာ ပိုးတွေ့လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ မူဆယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ၊ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက DVB ကို ပြောပါတယ်။
မူဆယ်ကနေ မန္တလေး အပြန် ၁၀၅ မိုင် ဆေးစစ်စခန်းမှာ ဆေးစစ်ပေးရာ အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ်မှာ ၁ ဦး၊ ညနေ ၅ နာရီမှာ ၁ ဦး တွေ့ခဲ့ပြီး အဲဒီပိုးတွေ့လူနာ ၂ ဦးဟာ ထမင်း အတူတူစားခဲ့တာလို့ သိရပါတယ်။
ပိုးတွေ့လူနာ ၂ ဦးကို မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံသစ်မှာ ဆေးကုသမှုခံယူစေပြီး ကျန်းမာရေး ကောင်းမွန်နေပြီး သူတို့နဲ့ထိစပ်သူ ယာဥ်မောင်း၊ ယာဥ်နောက်လိုက် ၂ ဦးကို မူဆယ် ဘောလုံးကွင်း ကွာရန်တင်းစင်တာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မူဆယ်ခရိုင်ဆေးရုံသစ်မှာ ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် ပိုးတွေ့လူနာစုစုပေါင်း ၆ ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
သတင်း - Pra Jaw ၊ ဓာတ်ပုံ - ဦးသောင်းထွန်း