မိုးညှင်းတွင် ၉ လ နှင့် ၅ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး တွေ့ရှိ
DVB
·
October 11, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က အသက် ၉ လနဲ့ ၅ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မိုးညှင်းခရိုင်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ယခင်ပိုးတွေ့ထားတဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတဦးရဲ့ အတူနေမိသားစု ၃ ဦးနဲ့ ကလေးကုသဆောင်က လူနာစောင့် ၁ ဦးတို့မှာ ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက “အရင်ရက်က ပိုးတွေ့ကျန်းမာရေးဆရာမရဲ့ အမျိုးသား ထွေအုပ်ဝန်ထမ်းနဲ့ ကလေး ၂ ဦးရယ်၊ နောက် ၁ ဦးရယ် ဒီနေ့ပိုးတွေ့အဖြေထွက်တာပါ” လို့ ပြောပါတယ်။
မိုးညှင်းမြို့မှာ စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၁၀ ရက်နေ့ထိ ကျန်းမာရေးဝန်ထမ်း ၆ ဦး၊ ပညာရေးဝန်ထမ်း ၁ ဦး၊ ထွေအုပ်ဝန်ထမ်း ၁ ဦး၊ ၅ နှစ်အရွယ်ကလေးငယ် ၂ ဦး၊ ၉ လအရွယ်ကလေးငယ် ၁ ဦးအပါအဝင် ပိုးတွေ့လူနာ ၁၄ ဦးရှိလာပြီလို့ သိရပါတယ်။
လက်ရှိမှာ ကွာရန်တင်း ဝင်ရောက်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၄၀ လောက် ရှိတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း