Live
Home
မြန်မာသတင်း
ညွှန်ကြားချက်လိုက်နာသည့် စက်ရုံ၊ အလုပ်ရုံနှင့် အသေးစား လုပ်ငန်းများ ပြန်ဖွင့်ခွင့်ပြုမည်
DVB
·
October 11, 2020
ကျန်းမာရေးညွှန်ကြားချက်တွေ လိုက်နာတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အောက်တိုဘာ ၁၂ ရက်နေ့ ပြန်ဖွင့်ခွင့်ပြုမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာထားမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ထားရှိမှု အဆင့် (A) ရပါက ကုန်ကြမ်းယူ၊ ကုန်ချောပေးစက်ရုံတွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး ပြန်လည်ဖွင့်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကုန်ကြမ်းယူ၊ ကုန်ချောပေး CMP လုပ်ငန်းတွေကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်နေ့အထိ ယာယီပိတ်ခိုင်းထားပေမဲ့ အလုပ်သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရှုံးစေဖို့နဲ့ စီးပွားရေးလုပ်ငန်းများ စဥ်ဆက်မပြတ် လုပ်ကိုင်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထိန်းညှိဆောင်ရွက်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စီးပွားရေး လိုအပ်ချက်အရ ဖွင့်မယ်ဆိုပါက နည်းစနစ်ကျကျ ဖွင့်ပေးစေချင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အနာဂတ်အလင်းတန်းများဆုံမှတ်အဖွဲ့ရဲ့ ​ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။ “လာစစ်တုန်းခဏ ပြင်ထားတဲ့အဆင့် (A) ဆိုရင်တော့ လုံခြုံစိတ်ချရမှုရှိမှာ မဟုတ်ဘူး။ စီးပွားရေးအရ လိုအပ်လို့ ဖွင့်ရမယ်ဆိုရင်လည်း နည်းစနစ်ကျကျလေး ဖွင့်ပေးစေချင်ပြီး လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်များကိုလည်း ထိရောက်တဲ့ဥပဒေတွေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးလိုပါတယ်။ ဘယ်စက်ရုံက အဆင့် (A) ဆိုတာကိုလည်း စစ်ဆေးသူနဲ့ အလုပ်ရှင်ကြား သိထားတာမဟုတ်ဘဲ အားလုံးသိအောင် မျှဝေပေးပါ။ စက်ရုံအတွင်းမှာ စနစ်တကျ ဆောင်ရွက်ထားသော်လည်း Ferry ကားနဲ့ အလုပ်တက်၊ အလုပ်ဆင်း လုပ်ရတဲ့အခါ အလုပ်သမားတွေအတွက် အင်မတန်မှ စိုးရိမ်ရတဲ့ အနေအထားပါ။ ကိုဗစ် ဒုတိယလှိုင်းမှာ ကူးစက်ခံရတဲ့ စက်ရုံလုပ်သားတွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။”  မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၆၀၆၄ ယောက်၊ သေဆုံးသူ ၅၉၈  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၀၅၀  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024