တပ်မတော်အရာရှိစစ်သည်အချို့ နယ်ခြားစောင့်တပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်
DVB
·
October 10, 2020
တပ်မတော်က ဒုတိယဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်မတော်သားအရာရှိစစ်သည် တချို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနကနေ အစိုးရအဖွဲ့နဲ့ တပ်မတော်ဘက်ကို နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေကို လူသစ်ခေါ်တာထက် လုံခြုံရေးအတွေ့ကြုံရှိသူခေါ်တာ ပိုကောင်းမွန်တယ်လို့ တင်ပြလာတဲ့အတွက် လုံခြုံရေးအတွေ့ကြုံရှိတဲ့ တပ်မတော်အရာရှိစစ်သည်တချို့ကို တပ်မတော်ဘက်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာလို့ ပြောပါတယ်။
အစိုးရက နယ်စပ်ဒေသလုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ရင်း ၂ ခုကို တပ်မံဖွဲ့စည်းပြီး တပ်မတော်ဘက်က အရာရှိစစ်သည်တချို့ကို အဆင့်တူရာထူးနဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက အောက်တိုဘာ ၁၀ ရက်နေ့ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုသွားပါတယ်။