ဖြိုးကြီး သီဆိုထားသည့် “အချစ်ချောင်းလေးခြားမှာစိုးတယ်” ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
October 10, 2020
“ငလီသောင်ယံမှာကွယ် ခရုလေးများတခုစီကောက်သလို… တွယ်တာကြင်နာတာတွေ သူရွေးလို့ပြောတယ်အချစ်ရယ်… ကိုကိုမောင်မောင်ခေါ်တယ်… စကားပြောကောင်း သူလေးရယ်… မှုန်နံ့သာတွေကိုသူခြယ်… မိန်းမချောလေးရယ်ချစ်တယ်”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး ထင်ရှားခဲ့တဲ့ တချိန်က ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “အချစ်ချောင်းလေးခြားမှာစိုးတယ်”ကို ပြန်လည်ပြီးတော့ အမှတ်ရမိကြမယ် ထင်ပါတယ်။
ဒီသီချင်းကိုတော့ အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာ အဆိုတော် ဖြိုးကြီးက သီဆိုဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းကတော့ ၁၉၇၆ ခုနှစ်က ပြည့်စုံရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ “ဖြေ နိုင်ပေါင်” ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး တေးရေး ဟင်္သာတ မြင့်ငွေက ရေးဖွဲ့ပေးထားခဲ့ကာ မူရင်းအဆိုရှင် မိုးမင်းဝင်းက သီဆိုထားတာပါ။
“ဖြေနိုင်ပေါင်” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ပြည့်စုံက ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ သန်းထွဋ်၊ ကျော်နိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“မိုးနဲ့မြေဆုံးထိတိုင် တူယှဉ်ကာလည်မယ်ကွယ်… တွဲလက်မဖြုတ်တမ်း ချစ်မယ် … မြတ်ဘုရားရှေ့မှာတိုင်တည်… ဝေးသွားမှာစိုးကြောက်တယ်... အတူနေချင်ပါပြီကွယ် … သီးခြားကမ္ဘာလေးထဲမှာ နေမယ်ကွယ်ရာသက်လုံး”
ခုတခါမှာတော့ ဒီသီချင်းကို တေးရေး ဟင်္သာတမြင့်ငွေရဲ့ ရင်သွေးမျိုးဆက်အဆိုတော် ဖြိုးကြီးရဲ့ ခံစားသီဆိုဟန်နဲ့ တမူထူးခြားတဲ့ သီချင်းတပုဒ်အနေနဲ့ မြူးမြူးကြွကြွ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
“ကိန္နရီမောင်နှံလိုကွယ် အချစ်ချောင်းလေးခြားမှာစိုးတယ်… လိမ်တာညာတာ မပါတယ်... နှလုံးသားသက်သေပြုမယ်... ပင်လယ်ရေပြင်ကိုကွယ်... မေခိုင်းရင် ဖြတ်ကာ ကူးမယ်... မေခလာမကယ်ရင်နေကွယ်... ချစ်သည်းအတွက်အသက်ကိုစွန့်မယ်… အပြုံး ပန်းတရာပန်းပွင့်တယ်... ငွေစန္ဒာသာသလိုနှယ်… အလှပတွေပေါင်းစုရာ... တကမ္ဘာလုံး အလှနဲ့ပြိုင်မယ်... ရွှန်းလဲ့မျက်လုံးလေးရယ်... မြင်သူတကာရင်ကိုကွယ်... သူ့အလှမှာပဲ ငြိတွယ် မေဘရဏီပြိုင်ရင်ရှုံး”
အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ M ဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲ့ကြပါတယ်။