Home
မြန်မာသတင်း
ရန်ကုန်တိုင်း ကိုဗစ်ကုသရေးစင်တာများအတွက် စေတနာ့ဝန်ထမ်း ဆရာဝန်များ လိုအပ်နေ
DVB
·
October 10, 2020
ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေးစင်တာတွေမှာ  စေတနာ့ဝန်ထမ်း ဆရာဝန်တွေ လိုအပ်နေတာကြောင့်  စိတ်ဝင်စားသူတွေ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်တယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှု များလာတဲ့အတွက် အသစ်ထပ်မံဖွင့်လှစ်မယ့် ကိုဗစ်ကုသရေးစင်တာနဲ့ ဖျားနာကုဆေးခန်းတွေမှာ ဆရာဝန်၊ သူနာပြု နဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)က  ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ  ဆောင်ရွက်ဖို့  စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူခဲ့ပါတယ်။    လက်ရှိ ကိုဗစ်ကုသရေး စင်တာတွေမှာ ဆရာဝန်နဲ့ လူနာ မမျှတဘဲ ကုသရေးအပိုင်းမှာ ဝန်ပိနေတာကြောင့် စေတနာဝန်ထမ်းဆရာဝန်တွေ လိုအပ်ချက်ရှိနေတာကြောင့်   ပါဝင်ပေးဖို့ ဖိတ်ခေါ်တယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာထင်အောင်စောက ပြောပါတယ်။  ကိုဗစ်ကာလအတွင်း ကိုဗစ်မဟုတ်တဲ့ အထွထွေရောဂါတွေနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းနိုင်မယ့် ကျန်းမာရေး သတင်းအချက်အလက် အကြံဉာဏ်ပေးတဲ့ အစီအစဉ်   HICA  Call Center  ကို အောက်တိုဘာ ၂ ရက်က စတင်ပြီး  စတင်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ တာဝန်ကျဆရာဝန်တွေကို ဖုန်းနဲ့  နေ့စဉ် ဆက်သွယ်မေးမြန်းသူအရေအတွက် များပြားနေတာကြောင့်  ကူညီဖြေကြားပေးမယ့် ဆရာဝန်တွေကလည်း လိုအပ်နေတာပါ။  ဒါပြင့် ရန်ကုန်မြို့တွင်းရှိ  ဖျားနာကုဆေးခန်းတွေမှာ ကိုဗစ် သံသယလူနာတွေ လာရောက်များပြားနေတာကြောင့်   စေတနာဝန်ထမ်းဆရာဝန်၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေ လုပ်ကိုင်ရတာ ဝန်အား မမျှတဲ့ အခြေအနေတွေ ရှိပါတယ်။    အခုလို ကိုဗစ်ကုသရေးလုပ်ငန်းတွေမှာ  ရှိတဲ့ ဆရာဝန်အင်အားနဲ့ မမျှတဲ့အခြေအနေ ဆောင်ရွက်နေရတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ Fever Clinic Yangon တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် လျှောက်ထားလိုသူ ဆရာဝန် ၊ သူနာပြု နဲ့ စေတနာ့ဝန်ထမ်းတွေကို  အွန်လိုင်းမှတဆင့် တဦးချင်းဆွေးနွေးပြီး စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွားအသိပညာတွေ ပို့ချပေးတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၂၃,၉၀၆ ယောက်၊ သေဆုံးသူ ၅၆၆   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နန့်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024