ညောင်တုန်း ဂတ်စ်ပိုက်လိုင်း မီးလောင်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် သေဆုံး
DVB
·
October 10, 2020
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနက်အစောပိုင်းက ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် အောက်တိုဘာလ ၉ ရက်နေ့ မွန်လွဲပိုင်းမှာ အသက်သေဆုံးခဲ့တဲ့ ကလေးဟာ ညောင်တုန်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးဖြစ်တယ်လို့ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက DVB ကို ပြောပါတယ်။
"ကလေးက စိုးရိမ်ရတဲ့အထဲမှာ မပါတော့ ညောင်တုန်းဆေးရုံမှာ ကုသပေးနေတာ၊ စိုးရိမ်ဒဏ်ရာရရှိတဲ့ ၃ ဦးကိုတော့ မအူပင်ဆေးရုံမှာ ကုသပေးနေပါတယ်။ နေ့လယ်ပိုင်းက အခြေအနေသိပ်မကောင်းလို့ မအူပင်ဆေးရုံကို လွှဲပြောင်းဖို့ပြုလုပ်တာတွေရှိတယ်လို့တော့ သိရပါတယ်" လို့ ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံး ကလေးအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိပြီး နေအိမ်ဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေကို လူ ၁ ယောက် ၅ သောင်းနှုန်းနဲ့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးမှူး ဦးကျော်ကျော်၀င်းစံက DVB ကို ပြောပါတယ်။
"မနက်ပိုင်းက ဆေးရုံကို လွှတ်တော်ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေနဲ့ အတူ သွားရောက်ပြီး ဌာနအနေနဲ့ ၁ ယောက်ကို ၅ သောင်းထောက်ပံ့ပေးထားပါတယ်၊ ကလေး ဆုံးတာတော့ ညနေပိုင်းသိရလို့ နောက်နေ့မှ ထောက်ပံ့ပေးနိုင်တော့မယ်။"
ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ လူ ၁ ဦး ဘေးအန္တရာယ်ကြောင့် သေဆုံး လျှင် ၃ သိန်းနှုန်းထောက်ပံ့ပေးအပ်တဲ့အတိုင်း ထောက်ပံ့သွားမှာဖြစ်ပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းနဲ့ ၁ ပတ်စာ စားနပ်ရိက္ခာတွေကိုတော့ ရွာကို သွား ရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ အမှတ် ၂ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့စက်ရုံကနေ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ ဌာနဆိုင်ရာမှတ်တမ်းတွေအရ သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)