ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်မလိုက်နာသူ ၆၀၀ ကျော် အရေးယူထား
DVB
·
October 10, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလ ဧရာ၀တီတိုင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ ၆၀၀ ကျော်ကို ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီလ ၁၈ ရက်နေ့ကနေ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့အထိ အမိန့်မလိုက်နာသူ လူပေါင်း ၆၂၄ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင်ဒဏ် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၂၄ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင် လာတယ်။ သူတို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ အများဆုံးကတော့ ပုသိမ်ခရိုင်က ၂၉၁ ဦးနဲ့ ဟင်္သာတခရိုင်က ၉၅ ဦး ပါဝင်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့စာရင်းတွေအရ သိရပါတယ်။
ကျန်တဲ့ခရိုင်တွေမှာတော့ ဖျာပုံခရိုင်က ၅၆ ဦး၊ မြောင်းမြခရိုင် ၆၉ ဦး၊ လပွတ္တာခရိုင် ၄၃ ဦးနဲ့ မအူပင်ခရိုင်က ၇၀ ဦး ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူကပြောပါတယ်။
ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးတရားစွဲထောင်ချခံထားရတဲ့ အမျိုးသမီး ၁၃ ဦးကတော့ ပုသိမ်ခရိုင်က ၉ ဦး၊ မအူပင်ခရိုင်က ၂ ဦးနဲ့ မြောင်းမြခရိုင်က ၂ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အဆိုပါ အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးများက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)