မန္တလေးတိုင်းရှိ ပုံနှိပ်ထုတ်ဝေသူများကို ထောက်ပံ့ကြေး ကျပ် ၁ သိန်းစီ ပေးမည်
DVB
·
October 9, 2020
မန္တလေးတိုင်းက ပုံနှိပ်နဲ့ ထုတ်ဝေသူတွေအနေနဲ့ ကိုဗစ်-၁၉ ကာလ အလုပ်အကိုင် အခက်အခဲနဲ့ ကြုံတွေ့လာရတာကြောင့် အသင်းဝင်ပုံနှိပ်တိုက်တွေအားလုံးကို တစ်တိုက်လျှင် ကျပ်တစ်သိန်းနှုန်းစီနဲ့ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း (MRPPA) က ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
အသင်းဝင်တွေကိုထောက်ပံ့ပေးရာမှာ ပုံနှိပ်ထုတ်ဝေသူလုပ်ငန်းရှင်တွေအနေနဲ့ ၀န်ထမ်းတွေ ကို ပြန်လည်ထောက်ပံ့ပေးနိုင်ဖို့ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
MRPPA အတွင်းရေးမှူး ကိုငယ်လေးက “သူတို့မှာ အလုပ်သမား ၁၀ ယောက်ရှိရင် တစ်ယောက်တစ်သောင်းစီရမှာပေါ့ တစ်ယောက်တည်းရှိရင်တော့အဲ့တစ်ယောက်တည်း တစ်သိန်းရမှာပေါ့ အစ်ကိုတို့ EC တွေက အလုပ်မှုဆောင်တွေ အားလုံးကနေပြီးတော့မှ လှူဒါန်းငွေက သိန်း ၅၀ ရတယ် လှူဒါန်းငွေကို အသင်းဘက်ကနေ လိုအပ်တာကိုထုတ်သုံးမှာပေါ့ အဲ့ဒီသဘောပါပေါ့ “လို့ ပြောပါတယ်။
၀န်ထမ်းထောက်ပံ့ကြေးတွေကို အသင်းဝင် ပုံနှိပ်တိုက်က ထုတ်ဝေသူ လုပ်ငန်းရှင်တွေထံကို တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး လုပ်ငန်းရှင်တွေက တစ်ဆင့် မိမိ၀န်ထမ်းတွေကို ပြန်လည် ခွဲဝေ ပေးသွားရမှာလို့ MRPPAက သိရပါတယ်။
ထောက်ပံ့ကြေးငွေကို လုပ်ငန်းရှင်တွေအနေနဲ့ အောက်တိုဘာ ၁၀ ရက်မှ ၃၁ ရက်အတွင်း မနက် ၁၀ နာရီမှ ၄ နာရီ အထိ သတ်မှတ်ထားတဲ့နေရာတွေမှာ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
လာရောက် မထုတ်ယူနိုင်တဲ့သူတွေအနေနဲ့လည်း Wave money ၊ K- pay တွေနဲ့လည်း ထုတ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
“အခုလို အသင်းသားတွေကိုတော့ တစ်ခါမှမပေးဖူးပါဘူး။ စစ်ဘေးရှောင်တွေကို ဟိုတလော ကတော့ အစ်ကိုတို့အသင်းက သိန်း၃၀ သွားလှူလိုက်သေးတယ်။ ခုချိန်က တိုက်အားလုံးတော့ အနည်းနဲ့အများ အခက်အခဲရှိကြတာချည်းပါပဲ တချို့ တော်တော်ဆိုးဆိုးရွားရွား တိုက်တွေလည်းရှိပါတယ်”လို့ အတွင်းရေးမှူး ကိုငယ်လေးက ပြောပါတယ်
မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း (MRPPA)မှာ လက်ရှိအချိန်အထိ အသင်းဝင်ပေါင်း၂၃၀ ကျော်လောက်ရှိပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း၊
ဓာတ်ပုံ - မန္တလေးတိုင်း ဒေသကြီးပုံနှိပ်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း