ဂေးလူငယ်များအပေါ် မန္တလေးရဲ ပြုမူချက် တိုင်ကြားမည်
မျိုးဇော်လင်း
·
July 12, 2013
မန္တလေးကျုံးဘေးမှာ ရဲတပ်ဖွဲ့က ဂေး (gay) လူငယ်တချို့ကို ဖမ်းဆီးထိန်းသိမ်းစဉ်မှာ လူ့ဂုဏ်သိက္ခာကို ညှိုနွမ်းအောင် လုပ်ဆောင်ခဲ့တဲ့ကိစ္စကို လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ လူ့အခွင့်အရေးသမားတွေနဲ့ ဂေးအခွင့်အရေးသမားတွေက ပြောပါတယ်။
မန္တလေးမှာ မှုခင်းကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ဂေးတွေကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။
ဒါပေမယ့် ဒီလို လိုက်လံဖမ်းဆီမှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပါနေတယ်လို့ ဒေသခံ လိင်တူချစ်သူများကွန်ရက်က ပြောဆိုပြီး လူ့အခွင့်အရေးအဖွဲနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို တိုင်ကြားမယ်လို့ ကွန်ရက်တာဝန်ရှိသူက ပြောပါတယ်။
“ရဲ အရာရှိတွေက ဥပဒေဘောင် အပြင်ကို ကျော်လွန်ပြီး ကျနော်တို့တွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စေတ်ာကားတာမျိုးတွေ ခံဝန်ကတိ အတင်းအဓမ္မထိုးခိုင်းတာတွေရှိတယ်။ ကျနော်တို့အနေနဲ့ နားလည်တဲ့ ရှေ့နေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါကျတော့ ဖြစ်စဉ်တွေမှာ ဒီ ဥပဒေဘောင်အထက် ကျော်လွန်ပြီးတော့ လုပ်ဆောင်တာမျိုးတွေ စစ်ဆေးတွေ့ရှိခဲ့ရင် လူ့အခွင့်အရေးကော်မရှင်ရုံးကိုလည်း တိုင်ကြားသွားမယ်၊ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တိုင်းကြားသွားမယ်။”
ညီမျှခြင်းမြန်မာ (Equality Myanmar) လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဂေးလူငယ်တွေအပေါ် ပြုမူချက်ကို သက်ဆိုင်ရာအသီးသီးကို တိုင်ကြားမယ့် အပြင် ဇူလိုင် ၁၄ ရက်နေ့မှာ သတင်းစာရှင်းလင်းမယ်လို့ ပြောပါတယ်။
“လိင်သူချင်း ချစ်သူတွေ ဖြစ်တဲ့အတွက် သူတို့ အပေါ်မှာ အရှက်ခွဲတဲ့ ပုံစံမျိုးနဲ့ ဆံပင် အတုတွေ ဆွဲချွတ်တယ်ဆိုတာ ကြားရတယ်။ နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အတင်းချွတ်ပြပြီးတော့ ဓာတ်ပုံရိုက်တာ ကြားရတယ်။ နောက်တခါမှာ သူတို့နဲ့ ပတ်သက်ပြီးတော့ မချေမငံ လိင်ပိုင်ဆိုင်ရာ ပြောဆိုပြီးတော့ မော်ဒယ်ရှိုးလို လျှောက်ခိုင်းတယ်ဆိုတဲ့ စွပ်စွဲသံတွေ ကျနော်တို့ ကြားရတယ်။ ဒါကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ အရာပါ။ ဒီအချက်ကိုလည်း ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အနေနဲ့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်သလို ဆက်လက် တိုင်ကြာသွားဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။”
မန္တလေးအမှတ် ၃ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ရုပ်ဖျက်ထားတဲ့အတွက် ဖမ်းဆီးတာလို့ ပြောပါတယ်။
“သူတို့က အခြောက်တွေဆိုတော့ အခြောက်အ၀တ်အစားဝတ် ပုံဖျက်ပြီးတော့ ကျနော်တို့ ကျုံးဘေးမှာပေါ့လေ။ ပြစ်မှု တစုံတရာ ကျူးလွန်ရန် အနေအထားတွေနဲ့ သူတို့ ပုံဖျက်ပြီးတော့ အဲဒီကျုံးလမ်းက တိုင်တယ်။ အဲဒါမျိုး ကျနော်တို့က ပုံဖျက်တယ်ဆိုတော့ ရဲ အသုံးစကားနဲ့ တရားစွဲပါတယ်။ ၇၊ ၈၊ ရက် ၅ မှု ရှိပါတယ်။ တမှုကို တဦးပါပဲ၊ လူဦးရေက ၅ ယောက်ပေါ့။ ပြစ်မှု တစုံတရာ ကျူးလွန်နိုင်ဖွယ် ရှိရင်တော့ မှောင်ရိပ်တို့၊ လမ်းကြိုလမ်းကြားတွေမှာ ပြစ်မှု ကြိုတင်ကာဖို့အတွက် ကျနော်တို့ ဆက်လက်ဖမ်းမယ် ထင်ပါတယ်။”