ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် အောက်ဆီဂျင်အိုးများ တပ်မတော်လှူဒါန်း
DVB
·
October 9, 2020
ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာအသုံးပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက လိုအပ်တဲ့နေရာတွေမှာ အောက်ဆီဂျင်အိုးတွေ သွားရောက်လှူဒါန်း နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို အောက်ဆီဂျင်အိုး အလုံး ၅၀ နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင်းမိုရ်အိမ်ရာ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနကို အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၈ ရက်မှာလည်း ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၁ လုံး ၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ဒဂုံဆိပ်ကမ်း(၂) ရိုးမ(၂)တို့ရှိ ကိုဗစ်- ရောဂါကုသရေးဌာနတွေကို အောက်ဆီဂျင်အိုး အလုံး ၆၀၊ အထူးကုဆေးရုံ(ဝေဘာဂီ)သို့ အောက်ဆီဂျင်အိုး အလုံး ၂၀ ၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၃၄ လုံးလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကုသရေး ဆေးရုံတွေမှာ အောက်စီဂျင်တွေလိုအပ်နေရင် ပို့ပေးသွားဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၆ ရက်နေ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမမှာလုပ်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောထားပါတယ်။
ဓာတ်ပုံ- DSINFO