Home
မြန်မာသတင်း
ပခုက္ကူတွင် အန်အယ်လ်ဒီ ဝန်းရံသူများ လှေအစီး ၁၀၀ ခန့်ဖြင့် လှည့်လည်အင်အားပြ 
DVB
·
October 9, 2020
ပခုက္ကူမြို့မှာ အန်အယ်လ်ဒီပါတီကို ၀န်းရံထောက်ခံတဲ့အနေနဲ့ ရေလုပ်သားသမဂ္ဂက ဦးဆောင်ပြီး လှေအစီးရေ ၁၀၀ လောက်နဲ့ လူအင်အား ၈၀၀ လောက်က ဧရာဝတီမြစ်အတွင်းမှာ လှေတွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။  ဧရာဝတီမြစ်ကူးတံတား ပခုက္ကူတံတားကနေ ပခုက္ကူမြို့ ရွှေမုဌောဘုရားထိပ်အထိ လှည့်လည်ခဲ့ကြတာဖြစ်ပြီး ကမ်းနားမှာလည်း အရှည် ၄ မိုင်ခွဲလောက်ရှိတဲ့ လူအုပ်တန်းက အားပေး ကြည့်ရှုထောက်ခံခဲ့ကြတယ်လို့ ဦးဆောင် ၀န်းရံသူ ကိုသူရိန်ဆီက ပြေပါတယ်။ “မနက်က လုပ်ခဲ့တဲ့ပွဲမှာတော့ အန်အယ်လ်ဒီကိုထောက်ခံ ၀န်းရံတဲ့သူတွေများတယ်ပေါ့ သူတို့ သမဂ္ဂဖွဲ့စည်းပြီးတာလည်းသိပ်မကြာသေးဘူးလေ ၂ နှစ်လောက်ပဲ ရှိသေးတာပေါ့ activity တစ်ခုအနေနဲ့ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်တဲ့ဘက်ကနေ ၀န်းရံတာပေါ့လေ။ ၂၀၂၀ မှာ အောင်နိုင်ရေးအတွက် ပြည်သူတွေ ပူးပေါင်းပါလာဖို့အတွက်လေ။ အဲ့ဒီအတွက်ဆွေးနွေးတိုင်ပင်ပြီးတော့မှ အခုလို ပြုလုပ်ကြတယ်ပေါ့ဗျာ။ နောက်တစ်ခါလုပ်ရင်လည်း အခုလိုတွေ မမျှော်လင့်ပဲ လူတွေတော်တော်များလာတဲ့ အနေအထားမျိုးတွေမဖြစ်အောင်လုပ်မယ်လို့တော့ စဉ်းစားထားပါတယ်ဗျ“လို့ ကိုသူရိန် က ပြောပါတယ်။ ပခုက္ကူမြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါ်ဌေးဌေးလှိုင်ကတော့ အခုလို လူထု၀န်းရံမှုတွေ ပြုလုပ်နေတဲ့အချိန်မှာ သူ့အနေနဲ့ အောင်နိုင်ရေးခရီးထွက်နေတာဖြစ်လို့ သိရှိခြင်းမရှိဘူးလို့ ပြောပါတယ်။  “ကျမတို့ အဲ့ဒါတွေ မတွေ့ဘူးရှင့်။ ကျမတို့က  အောင်နိုင်ရေးခရီးသွားနေလို့ပါ။ အခုမှ ပြန်ရောက်တာမို့လို့လေ။  ပြည်သူကလုပ်တာပဲဖြစ်မယ်။ အင်အားပြတာ သူတို့ကလေ သူတို့ဟာ သူတို့လုပ်တာဖြစ်မယ်။  ကျမတို့ ပါတီက ဘာမှမသိဘူးရှင့် “လို့ ဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အခု ကိုဗစ်ကာလမှာ အင်အားပြတာတွေမရှိသလို လူစုလူဝေးမလုပ်ဖို့တွေကိုလည်း ပြည်သူတွေကို မေတ္တာရပ်ခံထားတယ်လို့လည်း ဆိုပါတယ်။ အောင်နိုင်ရေးခရီးတွေ သွားတဲ့အခါမှာလည်း ကိုဗစ်ဥပဒေနဲ့အညီ လူထုကို စည်းရုံးနေတာဖြစ်တယ်လို့လည်း ဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပခုက္ကူခရိုင်အတွင်း လူအင်အားတွေနဲ့ မဲဆွယ်စည်းရုံးနေရာမှာ  မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပေါ်စေဖို့ ညွှန်ကြားချက်အညီ လိုက်နာကြဖို့နဲ့  လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူးရုံးက အောက်တိုဘာ ၄ ရက်က  အသိပေး အကြောင်းကြားစာ  ထုတ်ပြန်ထားပါတယ်။   သတင်း- ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ကိုချစ်မင်းလှိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024