မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်တွေ့၊ စုစုပေါင်းလူနာ ၃၅၀ ခန့်ရှိလာ
DVB
·
October 9, 2020
မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၈ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ဘီးလင်းမြို့နယ် ၈ ဦး၊ မော်လမြိုင်နဲ့ သထုံမြို့နယ် ၂ ဦးစီ၊ ရေး၊ ပေါင်နဲ့ သံဖြူဇရပ်မြို့နယ် ၁ ဦးစီ၊ တနင်္သာရီတိုင်းက ယာဉ်လိုက်နောက် ၁ ဦး၊ စုစုပေါင်း ၁၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ရောဂါပိုး တွေ့ရှိသူထဲမှာ ပြည်တွင်း ကူးစက်သူက ၁၅ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပြီး ကျန် ရေးမြို့နယ်က ကိုဗစ်လူနာကတော့ ထိုင်းနိုင်ငံက ပြန်လာသူ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူ အားလုံး နီးပါးဟာ သက်ဆိုင်ရာ မြို့နယ်က အသွားအလာကန့်သတ်ထားတဲ့ ကွာရန်တင်းစခန်းတွေမှာ စောင့်ကြည့်ခံထားရသူတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉အတည်ပြုလူနာ အားလုံးကို မော်လမြိုင်ပြည်သူဆေးရုံမှာ ပြောင်းရွှေ့ကုသပေးနေပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ ၃၅၀ နီးပါးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။