အာဇာနည်နေ့ ဥဩဆွဲပေးပါ
DVB
·
July 12, 2013
ကျနော်က တက္ကသိုလ်ကျောင်းသားတယောက်ပါ။ ကျနော်စာထဲမှာ အမှားပါရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ အာဇာနည်နေ့မှာ ဥဩဆွဲတာကို လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ လွှတ်တော်က အသံကိုကြားလိုက်တာနဲ့ ၀မ်းနည်းမိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ အသက်သွေးတွေနဲ့ စတေးခဲ့လို့ ကျနော်တို့ အခု လွတ်လပ်နေတာ မဟုတ်ဘူးလား။ တလုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့စကားပုံလည်းရှိပါတယ်။ ကျေးဇူးကို မမေ့ကောင်းပါဘူး။ ဥဩဆွဲတယ်ဆိုတာ ၁၀ မိနစ်တောင် မကြာတဲ့ အလုပ်လေးပါဗျာ။
အရင် နအဖအစိုးရရဲ့ စနစ်ကြောင့် ကျနော်တို့ကျောင်းသားတွေ အခု အာဇာနည်နေ့ဆိုတာ ဘာမှန်းမသိတော့ပါဘူး။ အခုလိုဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ နောက်လာမယ့် မျိုးဆက်သစ်တွေ သမိုင်းကို မေ့တော့မှာပါ။ ကျနော်တို့ အဲ့လိုအဖြစ်မခံနိုင်ပါဘူး။ နောင်လာမယ့် မျိုးဆက်သစ်တွေကို အဲ့ဒါငါတို့နိုင်ငံ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ အာဇာနည်တွေ ကျဆုံးခဲ့တဲ့နေ့ကွလို့ ပြောပြချင်ပါတယ်။
မျိုးဆက်သစ်တွေကိုလည်း အောက်မေ့သတိရစေချင်တယ်။ ဂုဏ်ယူတတ်စေချင်တယ်။ သမ္မတကြီးနဲ့တကွ ပြည်ထောင်စုဝန်ကြီး၊ လွှတ်တော်အမတ်ခင်ဗျား ပြန်ပြီးစဉ်းစားပေးစေချင်ပါတယ်။ မြန်မာတွေဟာ သမိုင်းကြောင်း ဖျောက်တဲ့လူမျိုးအဖြစ် နိုင်ငံတကာက လက်ညှိးထိုးမှာ မခံချင်ပါဘူး။