မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၂၅ ဦး ထပ်တွေ့၊ သီလရှင် ၁ ပါး ပျံလွန်တော်မူ
DVB
·
October 8, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဦး ထပ်တွေ့ခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ် ၅ ဦးစီ၊ သထုံနဲ့မုဒုံမြို့နယ် ၃ ဦးစီ၊ ချောင်းဆုံနဲ့ဘီးလင်းမြို့နယ် ၁ ဦးစီ၊ တခြားတိုင်းနဲ့ပြည်နယ်က ကားသမားနဲ့ ယာဉ်နောက်လိုက် ၇ ဦး စုစုပေါင်း ၂၅ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
အတည်ပြုလူနာတွေထဲမှာတော့ မော်လမြိုင် စစ်ကဲကုန်းရပ်ကွက် lockdown ဧရိယာ အတွင်းရှိ ဇွဲကလာဘုန်းကြီးကျောင်းက အသက် ၇၇ နှစ်အရွယ် သီလရှင် ဆရာလေး ၁ ပါး ပျံလွန်တော်မူသွားခဲ့ပါတယ်။
သီလရှင် ဆရာလေး လည်ချောင်းကင်ဆာရောဂါနဲ့ ပျံလွန်တော်မူပြီး ကိုဗစ်-ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ညတွင်းချင်း မီးသင်္ဂြိုဟ်ခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာ ၂၅ ဦးထဲမှာတော့ ရန်ကုန်က ပြန်လာသူ ၁၂ ဦးပါဝင်ပြီး သူတိူ့ အားလုံးဟာ သက်ဆိုင်ရာမြို့နယ်တွေက အသွားအလာကန့်သတ်ထားတဲ့ ကွာရန်တင်း camp တွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်ပါတယ်။