Live
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ငွေကျပ်သိန်း ၅၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 8, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ငွေကျပ် သိန်း ၅၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ ၉ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ မော်တော်ယာဉ်တွေအား စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးမိခဲ့တာပါ။  မြစ်ကြီးနားမြို့ဘက်ကနေ နမ္မတီးမြို့ဘက်ကို ဖားကန့်မြို့နယ်နေ လထွဲ (၂၂ နှစ်) မောင်းလာတဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဂျပ်စက္ကူပုံးအတွင်းကနေ ကာလပေါက်စျေးငွေကျပ် ၅၃၉ သိန်း တန်ဖိုးရှိ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၇၇၀ ဂရမ်၊ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ ငွေကျပ် ၃၆ သိန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ ရောင်းချတဲ့ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်နေ ကျော်ကျော်စိုး (၄၆ နှစ်) နဲ့ မဂျာအောင် (၃၅ နှစ်) တို့အား ဆီဆိုင်နဒြ မရမ်းတောင်ဂိတ်ကြားမှာ TOYOTA HIACE အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ လက်ကိုင် ဖုန်း ၂ လုံး၊ အဲဒီနေရာကို ဆိုင်ကယ်နဲ့ ရောက်ရှိလာတဲ့ အတူပူးပေါင်းပါ ဝင်သူ ဖားကန့်မြို့နယ်နေ မျိုးအောင် ၂၄ နှစ်အား လက်ကိုင်ဖုန်း ၁ တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းချသူ မြစ်ကြီးနားမြို့နေ ဒေါ်အေးပိန်(ခ)မရှမ်းမ (၄၃ နှစ်) ကိုလည်း နေအိမ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြား၊ မြန်မာငွေကျပ် ၃ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံး၊  မော်တော်ယာဉ် ၁ စီးတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်ဆီးမိသူတွေကို မြစ်ကြီးနားနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024