Home
မြန်မာသတင်း
ရိုဟင်ဂျာကိစ္စ ဆောင်ရွက်ရန် မြန်မာအစိုးရကို ဘန်ကီမွန်းတိုက်တွန်း
အေးနိုင်
·
July 11, 2013
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ လိုလားတဲ့ နိုင်ငံသားဖြစ်ခွင့်အပါအ၀င် လူနည်းစုတွေရဲ့ ဥပေဒဆိုင်ရာ ပြဿနာတွေကို မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင် ၁၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်မှာ သံတမန်တွေနဲ့တွေ့ဆုံတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာဖြစ်ပြီး လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တဲ့အပြင် ဒေသတွင်းမှာလည်း အနုတ် လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်းလည်း သတိပေးထားတာကို အေဂျင်စီသတင်းတွေက ရေးပါတယ်။ [caption id="attachment_35558" align="alignright" width="300" caption="ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း"][/caption] အကြမ်းဖက်မှုတွေအပေါ် အစိုးရဲ့ တုံ့ပြန်ကိုင်တွယ်မှုအပေါ် မစ္စတာဘန်ကီမွန်းက ပြစ်တင်လိုက်ပြီး သမ္မတဦးသိန်းစိန်အနေနဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေအပေါ်  အပြစ်ပေးအရေးယူဖို့နဲ့ တင်းမာမှုတွေ လျော့ပါးစေဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာကို အသိအမှတ်မပြုဘဲ ဘင်္ဂါလီလူမျိုးလို့သာ သုံးနှုန်းသလို  နိုင်ငံသားဖြစ်မဖြစ်ဆိုတာကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကိုင်တွယ်မယ်လို့ တောက်လျောက် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကတင်  ရန်ကုန်မြို့မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီတွေကို စာရင်းကောက်ယူမှုရပ်ထားတာကို ဆက်လုပ်ဖို့ရှိပြီး အဲဒီအဆင့်ပြီးရင် ၁၉၈၂ ခုနှစ်အရ နိုင်ငံသားဖြစ်မဖြစ် ဆက်လက်စစ်ဆေးမယ်လို့ ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ အိုအိုင်စီအဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂက ရိုဟင်ဂျာမွတ်စလင်အရေး ပိုမိုလုပ်ဆောင်ဖို့အတွက် တိုက်တွန်းဖို့ကိစ္စ မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ အိုအိုင်စီအဖွဲ့ကိုယ်စားလှယ်ခေါင်းဆောင် Roble Olhaye က မြန်မာပြည်မှာ ရိုဟင်ဂျာတွေကို ပြုမူနေပုံဟာ လူမျိုးတုံးသုတ်သင်မှုအဖြစ် ခိုင်းနှိုင်းပြောဆိုပြီး မြန်မာအစိုးရဟာ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် မလုပ်ဆောင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မစ္စတာဘန်ကီမွန်းကလည်း မြန်မာပြည်က မွတ်စလင်တွေကို ကာကွယ်ဖို့ ပိုမို ထုတ်ဖော်ပြောဆိုသွားမယ့်အကြောင်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။ အလားတူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါကလည်း ရိုဟင်ဂျာတွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024