Home
မြန်မာသတင်း
ကချင်ပြည်နယ်အဝင်ဂိတ် ဖြတ်သန်းခွင့် အချိန်ကန့်သတ်ချက်ကြောင့် ကုန်စိမ်းကားသမားများ အခက်ကြုံ
DVB
·
October 7, 2020
ကချင်ပြည်နယ်အဝင် ရွှေကူပူးပေါင်းစစ်ဆေးရေးဂိတ်က မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို  ည ၆ မှ မနက် ၇ နာရီခွဲအထိ အချိန်သတ်မှတ်ထားတာကြောင့် မန္တလေးကနေဝင်လာတဲ့ စားသောက်ကုန်(ကုန်စိမ်း)တင်ကားတွေ အခက်အခဲဖြစ်နေကြတယ်လို့ ကုန်ကားသမားတွေဆီကနေ သိရပါတယ်။ မန္တလေးကနေကုန်စိမ်းတွေတင်ဆောင်လာတာဖြစ်လို့ ဗန်းမော်ကို မနက်စောစော ရောက်နိုင်မှ စျေးရောင်းချိန်မီတာဖြစ်ပြီး  လက်ရှိမှာစျေးတွေကလည်း ကိုဗစ်ကပ်ဘေးကြောင့် နေ့လယ် ၁၂ နာရီအထိပဲ ရောင်းခွင့်ပြုထားတာဖြစ်လို့ ကုန်တွေအချိန်မီရောက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်ကားတွေကို မနက် ၇ နာရီခွဲမှဖြတ်သန်းခွင့်ပြုတာဖြစ်လို့ ဗန်းမော်ကိုရောက်ချိန် နောက်ကျသလို ဒီနေ့ရောက်တဲ့ကုန်စိမ်းက နောက်ရက်မှရောင်းရတဲ့အခြေအနေဖြစ်နေလို့ ကုန်စိမ်း ပိုင်ရှင်တွေနဲ့ ကားဂိတ်တွေကြားမှာ မကြာခဏပြဿနာဖြစ်နေတယ်လို့ ကုန်တင်ကား သမားတွေထံက သိရပါတယ် မန္တလေး-ဗန်းမော် ကုန်စိမ်းယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးမှိုင်းဝေက "၇ နာရီခွဲဆိုတော့ ဗန်းမော်ရောက်ချိန်နောက်ကျသွားတာပေါ့။ ကုန်စိမ်းတွေကျတော့ ရောင်းချိန်မရှိတော့တာပေါ့။ ပြောရမယ်ဆိုရင်တော့ကားစုပေးသလို ဖြစ်တော့လမ်းကြောကြပ်တာတွေ ဘာတွေဖြစ်ပြီးတော့ ဟိုမှာကျတော့ အရောက်နောက်ကျသွားတာပေါ့။ ကိုဗစ်ထိန်းချုပ်မှုကတော့ ၆ နာရီဆိုလည်း လင်းနေတော့ ၆ နာရီလည်း လုပ်လို့ရပါတယ်။ တစ်ရက်တည်း ရောင်းရမယ့် ပစ္စည်းက မရောင်းရတော့ ကုန်စိမ်းပျက်စီးမှုတွေဖြစ်တာပေါ့"လို့ ပြောပါတယ်။ အရင်က ည ၆ မနက် ၆ သတ်မှတ်ခဲ့ရာကနေ  အခုတော့ ၇ နာရီခွဲအထိ အချိန်   ၁ နာရီခွဲလောက် ထပ်တိုးလိုက်တဲ့အတွက် တခြားကုန်ပစ္စည်းတွေနဲ့စာရင် ကုန်စိမ်းကားသမားတွေက ပိုပြီး အခက်အခဲဖြစ်နေကြပါတယ်။ "လမ်းမှာအိပ်စောင့်ရတာက ပြဿနာမဟုတ်ဘူးဗျ အဓိကပြောချင်တာက စားသောက်ကုန် ဖြစ်နေလို့ အချိန်မီရောက်မှအဆင်ပြေမှာလေ။ အခုတော့ ဒီကနေ့ မနက် ၇ နာရီခွဲမှာထွက်ရတယ်ဗျာ ဗန်းမော်ကိုရောက်ရင် ၁၀ နာရီဝန်းကျင်ဗျာ ဒါတောင် ကားစက်ချို့ယွင်းတာတွေ  မပါသေးဘူးနော်။ စျေးကနေ့လယ် ၁၂ နာရီဆိုပိတ်ပြီ။ ဘယ်မှာလဲရောင်းရမဲ့အချိန် ကုန်စိမ်းဆိုတော့ နောက်တစ်ရက်မှ ရောင်းရရင်ကိုအဆင်မပြေကြဘူး။ ဒီကိစ္စကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေး စေချင်တယ်"လို့ အမည်မဖော်လိုတဲ့ မန္တလေး-ဗန်းမော် ကုန်စိမ်းကားမောင်းသူ တစ်ဦးက ပြောပါတယ်။ ရွှေကူ ပူးပေါင်းစစ်ဆေးရေးဂိတ်က တာဝန်ရှိသူတစ်ဦးကတော့ "အချိန်ပြောင်းလဲ သတ်မှတ် လိုက်တော့ ကားသမားတွေက စောဒကတက်ကြတာပေါ့ဗျာ။ ကျနော်တို့ကလည်း အထက်အမိန့် အတိုင်းပဲ ဆောင်ရွက်ရတာဆိုတော့ ကားသမားတွေရဲ့ အခက်အခဲကို နားလည်ပေမယ့် ညွှန်ကြားချက် တစုံတရာ ပြောင်းလဲထုတ်ပြန်ခြင်း မရှိသရွေ့တော့ ဒီတိုင်းပဲ ဆက်လက် လုပ်ဆောင် သွားရမှာပါ”လို့ ပြောပါတယ်။ လက်ရှိမှာတော့ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ထဲကိုဝင်လာမယ့် ကုန်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှ ဖြတ်သန်းခွင့်ပြုနေတာဖြစ်ပြီး အဆိုပါဂိတ်နားမှာပဲ Task Kit တွေနဲ့ စစ်ဆေး​ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။  သတင်း - ကျော်ဇေယျ CJ(ရွှေကူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024