Home
မြန်မာသတင်း
ဦးအယ်လ်ဖောင်းရှိုအပေါ်စွပ်စွဲပြစ်တင်မှု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကြားနာစစ်ဆေး 
နော်နိုရင်း
·
October 6, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက် ဒီနေ့မနက်က   အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့အပေါ်  ကြားနာတာဖြစ်ပါတယ်။  အဓိက ကြားနာတဲ့ အချက် ၃ ချက်ပါရှိပြီး ပထမတချက်က  ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် ကြားနာ ခဲ့ပါတယ်။  ဒီအချက်အပေါ် ဦးအယ်လ်ဖောင်းရှိုရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဦးအယ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲမခံရခင်  ဩဂုတ် ၃၁ ရက်က ခုံရုံးကို တင်သွင်းတာဖြစ်ပြီး ခုံရုံးသို့ တင်သွင်းခွင့်ရှိသူဖြစ်တယ်လို့ ခုံရုံးမှာ လျှောက်လဲခဲ့ပါတယ်။ ဒီအပေါ်ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကတော့ ဦးအယ်ဖောင်းရှိုကို ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးထံ ဦးအယ်လ်ဖောင်းရှိုရဲ့ တင်သွင်းလွှာကို နိုင်ငံတော်သမ္မတက ဆက်လက်ပေးပိုးထားတာတွေ့ရှိရကြောင်း ပြန်လည်လျှောက်လဲခဲ့ပါတယ်။  ဒါ့အပြင် ဦးအယ်လ်ဖောင်းရှိုဟာ စက်တင်ဘာ ၁ ရက် ကျင်းပတဲ့ ကယားပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေးတက်ရောက် မိန်ခွန်းပြောဖို့ ညနေ ၁၅ နာရီ ၂၀ မိနစ်အချိန်မှာ  ဝန်ခံလက်မှတ်ထိုးတဲ့ လွှတ်တော်မှတ်တမ်းတွေရှိခဲ့သလို၊ နေပြည်တော်မှာ ခံဝန်လက်မှတ်ထိုးတယ်ဆိုတဲ့ စာပါတဲ့အတွက် ဒါဟာ ဩဂုတ် ၃၁ ရက်နေ့က  လက်မှတ်ထိုးတင်ပြခဲ့ခြင်းမဟုတ်ကြောင်း ကယားလွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။  “ ၁၈ ကြိမ်မြောက်ပုံမှန်အစည်းအဝေးက ကျနော်တို့ ၁ ရက် ၉ လပိုင်းမှာလုပ်တယ်ပေါ့။ သူကတော့ သမ္မတဆီတင်ထားတာ ၃၁ ရက်လို့ ပြောထားတယ်။ အဲဒီမှာပဲ ကျနော်တို့ သိရသလောက်က သူ သမ္မတဆီတင်တဲ့နေရာမှာ  ၃၁ ရက်နေ့မှာ နေပြည်တော်မှာ လက်မှတ်ထိုးသည်ဆိုတဲ့ စာကြီးပါတယ်ပေါ့လေ။ အဲဒီမှာ ကျနော်တို့အနေနဲ့က နည်းနည်းသံသယရှိတော့ ကျနော်စုံစမ်းကြည့်တဲ့အရ ၃၁ ရက်နေ့မှာ သူက နေပြည်တော်မှာ မရှိဘူး။ ဒီကယားမှာပဲရှိတယ်။ ဒီ ၁ ရက်နေ့ မိန့်ခွန်းပြောဖို့အတွက်ကို စီစဉ်နေတယ်ဆိုတာကို ကျနော်သိရတယ်လေ။ သိရတဲ့အခါကျတော့ ဒီဟာက back date (နောက်ကြောင်းပြန်) တင်တယ်။ ဒါကျနော်တို့စွပ်စွဲတာမဟုတ်ဘူး။ ကျနော်တို့ရဲ့သုံးသပ်ချက်အရပေါ့။ ဒါ ကာယကံရှင်အသိဆုံးပေါ့။ ဆိုတော့ သူက ကျနော်တို့ မဲခွဲပြီးမှတင်တယ်လို့တော့ ကျနော်တို့ သုံးသပ်တယ်။ ဘာလိုလဲဆိုတော့ ဒီ ၃၁ ရက်နေ့ နေပြည်တော်မှာ လက်မှတ်ထိုးတယ်ဆိုကတည်းက မဟုတ်ဘူးပေါ့။ အဲဒီ စာအရပေါ့။ လက်ရှိလည်းပဲ အစိုးရရုံးကို စုံးစမ်းကြည့်တဲ့နေရာမှာလည်း အဲဒီနေ့က ရှိတယ်။ ရှိတယ်ဆိုတာ ၁ ရက်နေ့မှာ သူမိန့်ခွန်းပြောဖို့ အတွက်ကို ပြင်ဆင်နေတယ်လို့ အဲလိုမျိုးသိရတယ်။ ” ဒါကြောင့် ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်ရာထူးကနေ ရပ်စဲခံပြီးမှသာ ခုံရုံးသို့ ဝန်ကြီးချုပ် တဦးအနေနဲ့ တင်သွင်းတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့် ရှိသူမဟုတ်ကြောင်း ပြန်လည်လျှောက်လဲခဲ့ပါတယ်။  ဒီအမှုကြားနာတဲ့ ဒုတိယအချက်ဖြစ်တဲ့  စွပ်စွဲပြစ်တင်သူ ၅ ဦး ထဲက ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး လေးပုံတပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက် စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ)ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ အပြန်အလှန်လျှောက်လဲခဲ့ပါတယ်။  ဦးအယ်လ်ဖောင်းရှိုရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကတော့ ဒီစွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး ဦးသိန်းအောင်နုတ်ထွက်သွားတဲ့အတွက် စွပ်စွဲပြစ်တင်သူ ၄ ပုံ ၁ ပုံ မပြည့်မီတော့သလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမှာဖြစ်ပေမယ့် လွှတ်တော်ဥက္ကဋ္ဌဟာ တဦးတည်း ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်ခဲ့တယ်လို့ ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။  “ဖွဲ့စည်းအခြေခံဥပဒေ ပုဒ်မ ၂၆၃ မှာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်မှာ ပုဒ်မ ၂၆၃ (ခ) အရ သက်ဆိုင်ရာ ဥက္ကဋ္ဌထံတင်ပြရမှာဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၂၆၃ (ဂ) မှာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမယ်လို့ လုပ်ငန်းစဉ်အဆင့်မျှကိုသာ  အကျဉ်းချုပ်ဖော်ပြထားတဲ့အတွက် စွပ်စွဲပြစ်တင်ခြင်းအဆိုတရပ်ကို ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်သို့ပေးထားတဲ့အခွင့်အာဏာဟာ လွှတ်တော် ဥက္ကဋ္ဌ တဦးတည်းအား  ပေးအပ်ထားတယ်လို့ ယူဆဖွယ်ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (ခ) ပြဋ္ဌာန်းချက်မှာ စွပ်စွဲပြစ်တင်တဲ့အဆိုကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမှာဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး သုံးပုံ နှစ်ပုံက ထောက်ခံမှသာ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း  အဓိပ္ပါယ်ဖွင့်ဆိုပေးရန်လိုအပ်လာပါတယ်ရှင်။ ယင်းလို့ ရှင်းလင်းတဲ့အဓိပ္ပါယ် ဖွင့်ဆိုခြင်းမရှိခြင်းကြောင့် ယခုဖြစ်စဉ်မှာ လွှတ်တော် ဥက္ကဋ္ဌဟာ တဦးတည်း ဆုံးဖြတ်ချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၂၀ ဦးရဲ့ ၄ ပုံ ၁ ပုံ မပြည့်ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်စေတဲ့အကျိုးဆက်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ယခု အဓိပ္ပါယ်ဖွင့်ဆိုချက်ပေးဖို့ အဆိုပြုတင်သွင်းသည်မှာလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်များအပေါ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ တင်ပြခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ၊ ပုဒ်မခွဲ (ခ)နဲ့ (ဂ)တို့ကို လုပ်ငန်းစဉ်အကျဉ်းမျှ ဖော်ပြထားတဲ့အတွက် ရှေ့မှာ ဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်နဲ့  အနစ်သာရအားဖြင့် ကွာခြားနေပါတယ်။  ဥပဒေအရေးအသား (letter of law) ထက်  ဥပဒေရဲ့အနှစ်သာရ (spirit of law) ကို အလေးအနက်ပြုရမယ့်အစား အဓိပ္ပါယ်မရှင်းလင်းမှုအပေါ်အခြေပြုပြီး စွပ်စွဲပြစ်တင်သူ ၅ ဦးအနက် တဦးနုတ်ထွက်ခွင့်ကို အဆိုပြန်ရုပ်သိမ်းခွင့်မရှိလို့ အကြောင်းပြပြီး ၄ ပုံ ၁ ပုံမပြည့်တော့တဲ့ စွပ်စွဲချက်ကို  ဆက်လက်ဆောင်ရွက်ခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်ရှင်။ အမှန်မှာ အဆိုအဖြစ် လွှတ်တော်သို့ တင်သွင်းတဲ့အဆင့်ပင်မရှိခဲ့ကြောင်းတွေ့ရှိရပါတယ်။”လို့ ဒေါ်မင်းမင်းစိုးက ခုံရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။ ဒီလျှောက်လဲချက်နဲ့ပတ်သက်ပြီး ကယားလွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကတော့ ဦးသိန်းအောင် စွပ်စွဲပြစ်တင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ထောက်ခံဆွေးနွေးထားသူ တစ်ဦးဖြစ်သလို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ထိုးတင်ပြမှုမှာ  မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်ကိုမျှ ဒီလိုဆောင်ရွက်ကြောင်း တင်ပြထားခဲ့ခြင်းမရှိကြောင်း ပြန်လည်လျှောက်လဲခဲ့ပါတယ်။  ဒါပေမဲ့ စွပ်စွဲပြစ်တင်ခြင်းကနေ နုတ်ထွက်ကြောင်း တင်ပြမှုမှာ လွှတ်တော်ဥက္ကဋ္ဌကို  စွပ်စွဲထားသလို၊ ပြစ်တင်ဝေဖန်ထားတဲ့အပြင် နုတ်ထွက်စာကိုလည်း လွှတ်တော်နဲ့ မသက်ဆိုင်တဲ့ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဌာန ၁၈ ခုကို ပို့ခဲ့တာကိုတွေ့ရှိကြောင်းလည်း ပြန်လည်းလျှောက်လဲခဲ့ပါတယ်။  ဦးသိန်းအောင်ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုသွားမယ်လို့လည်း ကယားလွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက  ကြားနာမှုအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

“ ကျနော် ဦးသိန်းအောင်ဖြေရှင်းချက်မှာလည်း ပြောထားပြီးပြီကော၊ သူက ဒီကျနော်တို့က ဖိအားပေးပြီးမှ အတင်းလက်မှတ်ထိုးခိုင်းတယ်ပေါ့၊ တချက်သူပြောတယ်။ နောက်တခါသူက တကယ် MAIN နေရာတွေကို အဓိက သူပို့ထားတယ်ပေါ့။ အဲဒီမှာကျနော်အခုန ဖြေထားတဲ့အထဲမှာလည်းပါတယ်။ သံသယ နည်းနည်းရှိတာပေါ့။ ရှိတယ်ဆိုတာ၊ ကျနော်လည်း ကျနော့်ကိုယ်စားလှယ်စားလှယ်တယောက်ရဲ့ အရည်အချင်းကို ကျနော်က ၄ နှစ်လုံးမှာ ကျနော် လေ့လာပြီးသား၊ သူ့အရည်အချင်း  အဲလောက်မရှိဘူးပေါ့။ တကယ့်ဖိအားပေးလို့ရှိရင် အဲဒီသူရေးပေးတဲ့စာအရ အဲလူကပဲ ဖိအားပေလိမ့်မယ်။ ကျနော်ကတော့ ဖိအားမပေးဘူး။ ဦးသိန်းအောင် ဒီလိုလုပ်ပါလား တခုမှမပြောခဲ့ဘူး။ ဒါပွင့်ပွင့်လင်း သူ့နဲ့လည်း သုံးပွင့်ဆိုင်ရှင်းလို့ရတယ်။ ဦးသိန်းအောင် ဒါ လက်မှတ်ထိုး ကျနော်တခါမှ မပြောဘူး။ ဒါပေမဲ့ သူက ကျနော့်ကို သက်သက်ဖိအားပေးတယ်၊ ကျနော်ရွေးကောက်ပွဲ ကိုယ်စားလှယ်မပါလို့ လုပ်တယ်ဆိုတဲ့ဟာကတော့  အရင်တခေါက်ပြောခဲ့သလိုပဲ လက်ညိုကြီး ရှိတယ်ဆိုတာကတော့ အခုထပ်ပြောပါ့မယ်။ ဦးသိန်းအောင်ကို ကျနော်တရားစွဲမှာပါ။ မကြာခင်လေ။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ ”

ဦးအယ်ဖောင်းရှိုအပေါ် စွပ်စွဲ ပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာမှာ စွပ်စွဲပြစ်တင်ရာမှာ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ထည့်သွင်းဖွဲ့စည်းထားနဲ့ ပတ်သက်ပြီး  ဒေါ်မင်းမင်းစိုးက  စွပ်စွဲပြစ်တင်သူတွေဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ မည်သို့မျှပါဝင်ခွင့်မရအောင် ဥပဒေက ရှင်းလင်းစွာ ပြဋ္ဌာန်းထားကြောင်းနဲ့ စွပ်စွဲပြစ်တင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မဖွဲ့ဘဲ အခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာဖြစ်ကြောင်း လျှောက်လဲ ခဲ့ပါတယ်။  ဒီပေါ် ကယားလွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကတော့ ကယားပြည်နယ်လွှတ်မှာ တပ်မတော်သားအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးသာရှိကြောင်း၊ ဒီ ၂၀ ဦးထဲက လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ အပါအဝင် ပြည်နယ်လွှတ်တော်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်သူတွေ၊ ဝန်ကြီးချုပ်နဲ့  ပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးတွေ အပါအဝင် ပြည်နယ်အစိုးရအဖွဲ့မှာ  အချိန်ပြည့်တာဝန်ထမ်းဆောင်သူတွေနဲ့  တပ်မတော်လုပ်ငန်းအပါအဝင် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တာဝန်ယူထားသူတွေ ပါဝင်နေကြောင်း လျှောက်လဲခဲ့ပါတယ်။ “ပြဋ္ဌာန်း ဥပဒေအရ  အနည်းဆုံး လေးပုံတပုံမှ စွပ်စွဲပြစ်တင်ရာတွင် လက်မှတ်ရေး ထိုးရပါသည်။ အများဆုံးကို ကန့်သတ်မထားပါ။ စွပ်စွဲပြစ်တင်လိုသူများသည် ၁၀ ဦး ထက်မနည်းလက်မှတ်ရေးထိုးတင်ပြပါက အမြဲတမ်းတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များလည်း ရှိနေသဖြင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ကို စွပ်စွဲပြစ်တင်သူထဲမှ မဖြစ်မနေ ဖွဲ့ရမည့်အနေအထားဖြစ်ကြောင်း” တင်ပြလျှောက်လဲခဲ့ပါတယ်။ ရုံးတော်သဟာရ အဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒေါ်ခင်မာဝေကတော့ ဒီဖြစ်စဉ်ပေါ်သုံးသပ်ချက်နဲ့အတူ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့ တင်သွင်းလွှာအပေါ်မှာ ဥပဒေနဲ့အညီ သင့်မြတ်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ပေးနိုင်ဖို့ ရုံးတော်ကိုလျှောက်တင်ခဲ့ပါတယ်။ တင်သွင်းလွှာပါ အကြောင်းကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မယ့် နေ့ရက်နဲ့အချိန်ကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး နည်းဥပဒေ ၁၉ အရ ပုံစံ (၈)နဲ့ ခုံရုံးရဲ့ ကြော်ငြာသင်ပုန်းနဲ့  ခုံရုံးဝက်ဘ်ဆိုက်တို့ကနေ  ထုတ်ပြန်ကြေညာပေးမယ်လို့ ခုံရုံးက ဒီကနေ့ ကြားနာချက်အပြီး ကြေညာခဲ့ပါတယ်။ စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှု ကိစ္စတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ ဒီစွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပေးပြီး စုံစမ်စစ်ဆေးခဲ့ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့သုံးသပ်ချက်ပါ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၁၆ မဲ၊ ကန့်ကွက်သူ ၄ မဲရရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို  လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံပေးပို့ပြီး သမ္မတကလည်း  ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စက်တင်ဘာ ၃ ရက်က  တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။ ဒီလိုတာဝန်မှ ရပ်စဲပြီး တလအကျော် အကြာမှာတော့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကြားနာတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024