မောင်တောမြို့တွင် ကိုဗစ်-၁၉ လူနာ ၃၃ ဦး ထပ်မံတွေ့ရှိ
DVB
·
October 6, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ လူနာ ၃၃ ဦးအထိ ထပ်မံတွေ့ရှိရလို့ ပြည်သူတွေအနေနဲ့ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းတွေကို အထူးလိုက်နာဖို့ လိုအပ်နေတယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။
"ရောဂါပိုးက မြို့မှာပျံ့နှံ့နေပြီလို့ ယူဆနိုင်တယ်။ ဒါကြောင့် ပိုးတွေ့လူနာမြင့်တက်လာတာ ဖြစ်တယ်။ ကျမတို့ ကျန်းမာရေးဌာနက ဘယ်လောက်မဆို ပြည်စုံစွာ ပြင်ဆင်မှုတွေလုပ်ထားပါစေ ပြည်သူတွေ မိမိကိုယ်မိမိကာကွယ်မှုမပြုရင် ဒီထက်ပိုပြီးရောဂါပိုးတွေ့ရှိမှု များလာနိုင်တယ်။"
မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၃ ဦးကို အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဓာတ်ခွဲနမူနာစစ်ဆေးသူ ၁၀၀ ကျော်မှာ ၃၃ ဦးပိုးတွေ့ရှိခဲ့တာလို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။
လက်ရှိ မောင်တောမြို့ကို Stay at Home အဖြစ် နေ့တစ်ဝက်သတ်မှတ်ထားပြီး မြို့အဝင်ကို အထောက်အထားမရှိဘဲ ဝင်ရောက်တာတွေ ကန့်သတ်ထားကာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရယ်ဆိုင်ရာဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့် အရေးယူနေပါတယ်။
ဒါပေမဲ့ မောင်တောမြို့က စျေးတွေမှာ mask တပ်ဆင်ထားပြီး စျေးဝယ်စျေးရောင်းတွေ ရှိသလို အများစုကတော့ mask မတပ်ထားတာကို တွေ့နေရပါတယ်။
မောင်တောပြည်သူ့ဆေးရုံမှာ လူနာ ၂၅ ဦးသာထားရှိနိုင်တဲ့အတွက် ယာယီပြင်ဆင်ထားတဲ့ သီရိမင်္ဂလာခန်းမမှာပါ လူနာတွေကိုခွဲထားရပါတယ်။ လက်ရှိ ဆေးရုံကြီးမှာ ၂၇ ဦး ဆေးကုမှုခံယူနေပြီး ယာယီဆေးရုံအဖြစ်သတ်မှတ်ထားတဲ့ သီရိမင်္ဂလာခမ်းမမှာ ၁၉ ဦး စုစုပေါင်း ၄၆ ဦး ဆေးကုသမှုခံယူနေကြပါတယ်။
သတင်း - လင်းလက်