Home
မြန်မာသတင်း
လားရှိုးခရိုင်တွင် မဲရုံမှူးနှင့် မဲရုံဝန်ထမ်း ၅၀၀ ခန့် ထပ်တိုးခေါ်
DVB
·
October 5, 2020
ရှမ်းပြည်နယ်၊ လားရှိုးခရိူင်မှာ မဲရုံ ၄၀၃ ရုံ အတွက် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေကို  မူလက  ၂၀၀၀ လောက်ထားရှိဖို့ ရည်မှန်းထားရာက  အခု ၅၀၀ လောက် ထပ်တိုးခေါ်ရမယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးတင်မောင်ရွှေက ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ မဲရုံတွေကို ပိုမိုကျယ်ဝန်းတဲ့ နေရာ ရွေးရတာကြောင့် မဲရုံဝန်ထမ်းအင်တား ထပ်တိုးဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ တန့်ယန်း နဲ့ မိုင်းရယ် ၅ မြို့နယ်အတွက် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်း ၂၀၀၀ ကျော်ကို သင်တန်းပေးဖို့လည်း  အစီအစဉ်ရှိနေပြီး ကိုဗစ်-၁၉ အခြေအနေကြောင့် လူ ၅၀ ထက်မကျော်တဲ့ သင်တန်းနဲ့ နေရာတွေခွဲပြီး လုပ်ရမလား အွန်လိုင်းနဲ့ပဲ သင်ရမလား စဉ်းစားရခက်နေတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးတင်မောင်ရွှက “ကိုဗစ်-၁၉ လမ်းညွှန်ချက်နဲ့အညီ မဲပေးနိုင်ဖို့ မဲဆန္ဒရှင် တစ်ယောက်ချင်းစီကို Mask တခုစီပေးဖို့၊ မဲလက်မှတ်၊ မဲပုံးတွေ၊ မဲပေးနည်းစာစောင်တွေ ပိုစတာတွေ ၅ မြို့နယ် စာ ရောက်လာပြီဆိုတော့ အသီးသီး သူ့မြို့နယ်တွေဆီ ပို့နေပါပြီ။ အရက်ပျံပါတဲ့ မင်ဘူးတွေ အားလုံးကတော့ ဗဟိုကနေပို့လာလိမ့်မယ်” လို့ပြောပါတယ်။ လားရှိုးခရိုင်အတွင်း ၅ မြို့နယ် ရှိပြီးလာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လားရှိုးမြို့မှာ မဲဆန္ဒရှင် အရေအတွက်စုစုပေါင်း  ၂၁၇၇၀၀ ဦး ၊ သိန္နီမြို့ မှာ ၃၉၀၈၀ ဦး၊ တန့်ယန်းမြို့ မှာ ၁၁၉၄၆၀ ဦး၊ မိုင်းရယ်မြို့ မှာ ၄၈၅၀၀ ဦးနဲ့ ကွမ်လုံမြို့မှာ ၃၆၇၀၀ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024