Live
Home
မေးမြန်းခန်း
ကလေးစစ်သားတွေ လုံးဝပပျောက်အောင် ဆောင်ရွက်သွားမှာပါ – ယူနီဆက်ဖ်
DVB
·
July 10, 2013
ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ ဇူလိုင်လ ၇ ရက်နေ့မှာ ကလေးစစ်သား ၄၂ ဦးကို မြန်မာ့တပ်မတော်ကနေ နုတ်ထွက်ခွင့် ပေးလိုက်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ကလေးစစ်သားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့  (ယူနီဆက်ဖ်) ရဲ့ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲ (Bertrand Bainvel) ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကလေးစစ်သားဘ၀ကနေ ပြန်လွတ်လာတဲ့ ကလေးတွေကို ယူနီဆက်ဖ်က ဘယ်လိုမျိုး ကူညီဖို့ ရှိလဲ။ [caption id="attachment_41460" align="alignleft" width="300" caption="ဘတ်ထရန် ဘိန်းဗဲ "][/caption] “ပထမဆုံးအနေနဲ့ တပ်မတော်က ကလေးစစ်သား ၄၂ ယောက်ကို အခုလိုရှာဖွေ ဖော်ထုတ်ပြီး လွှတ်ပေးလိုက်တာကို ယူနီဆက်ဖ်က ကြိုဆိုပါတယ်။ အခုလို ကလေးစစ်သား ၄၂ ယောက်ကို နုတ်ထွက်ခွင့်ပြုလိုက်တာဟာ အားတက်ဖွယ်ရာ လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။  ကလေးတွေဟာ သူတို့ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီဒေသက တခြားသော အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ဘဝထူထောင်ရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေပါပြီ။ ဥပမာ - စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပေးတာမျိုး၊ သူတို့ဘဝအတွက် အသက်မွေးဝမ်းကြောင်းတွေ လုပ်ကိုင်ပေးတာမျိုးတွေနဲ့ ကျောင်းနေရမယ့်ကလေးတွေကို ကျောင်းတက်နိုင်အောင် ဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ဆောင်ပေးနေပါတယ်။” စစ်တပ်ထဲမှာ ကလေးစစ်သားအဖြစ်နဲ့ နေခဲ့ရတဲ့အတွက် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုမျိုး ကုစားပေးနိုင်မလဲ၊ “ဒါဟာ အလွန်အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ သူတို့တွေဟာ အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေကို တွေ့ကြုံခံစားခဲ့ကြရတာပါ။ ဒီအခြေအနေတွေဟာ ကလေးတွေ တွေ့ကြုံရမယ့်အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သူတို့အတွက် စာရေးစာဖတ် တတ်အောင်၊ အတွက်အချက်တွေ တတ်လာအောင်နဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားဖို့အတွက်လည်း ဆောင်ရွက်ပေးနေပါတယ်။ ဒါမှလည်း သူတို့ဘဝတွေကို ထိန်းချုပ်နိုင်မယ်လို့ နားလည်ပါတယ်။ ဘယ်ဟာကအမှန် ဘယ်ဟာက အမှားဆိုတာ နားလည်အောင်နဲ့ အကြမ်းဖက်ခံရမှုတွေ ကင်းဝေးအောင်လို့ စိတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေအနေနဲ့ ယူနီဆက်ဖ်က ပံ့ပိုးပေးသွားမှာပါ။” မိဘအုပ်ထိန်းသူတွေဆီ ပြန်ရောက်သွားတဲ့ ကလေးတွေရဲ့ အနာဂတ် ပြန်လည်ထူထောင်မှုနဲ့  ပတ်သက်ပြီး မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီးတော့ ဘာအစီအစဉ်တွေ လုပ်ဖို့ ရှိသလဲ။ “တပ်မတော်ထဲကို ဝင်ရောက်သွားကြတဲ့ကလေးတွေဟာ မပြည့်စုံတဲ့ ဆင်းရဲတဲ့ မိသားစုတွေဆီကနေ ဖြစ်ပါတယ်။ ဒါဟာ တပ်မတော်နဲ့တော့ မဆိုင်ပါဘူး။ အဓိကလုပ်ရမှာက ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်ရမှာပါ။ ဒါ့အပြင် ယူနီဆက်ဖ်ဟာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ လူမှုအကာအကွယ်ပေးရေးလုပ်ငန်းတွေမှာ မူဝါဒပိုင်းတွေအပြင် လုပ်ငန်းအစီအစဉ်ပိုင်းတွေကိုပါ ပူးတွဲဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ သူတို့စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။” အရင်တုန်းကလည်း ကလေးစစ်သားတွေ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ အဲဒီ ကလေးစစ်သားတွေ အခုလက်ရှိ အခြေအနေမှာ ဘယ်ကိုရောက်နေပြီလဲ ယူနီဆက်ဖ်အနေနဲ့ သိနိုင်မှာလား။ “အရင်က ပြန်လွှတ်ပေးခဲ့တဲ့ ကလေးစစ်သားတွေဟာလည်း သူတို့ရဲ့မိသားစုတွေဆီကို ပြန်ရောက်နေကြပြီ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကိုလည်း သူတို့တက်ခဲ့ပြီးကြပါပြီ။ နောက်တဆင့်အနေနဲ့ကတော့ သူတို့တွေ အလုပ်ရရှိဖို့အတွက် ပြင်ဆင်နေကြပါပြီ။” အရင်တုန်းကဆို ကလေးစစ်သား စုဆောင်းမှု အများဆုံးဆိုပြီးတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရတယ်။ အရင်အခြေအနေနဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။ “အခုဆိုရင် မြန်မာအစိုးရက ကလေးစစ်သားစုဆောင်မှုတွေကို အရင်အခြေအနေကလို မဟုတ်တော့ပဲ ကောင်းကောင်းနားလည်သဘောပေါက်နေပြီလို့ ယူဆပါတယ်။ အဓိကကတော့ နိုင်ငံတဝန်းလုံးရှိတဲ့ တပ်ရင်းတပ်ဖွဲ့အသီးသီးအနေနဲ့ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမယ်ဆိုတာကို နားလည်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုပြဿနာတခုပါပဲ။ အသက်မပြည့်တဲ့ ကလေးတွေ တပ်မတော်မှာ ဝင်ရောက်အမှုထမ်းတယ်ဆိုတာ မှားယွင်းတဲ့အချက်ဆိုတာ ပြည်သူတွေလည်း သိထားပါတယ်။” နောက်နောင် ကလေးစစ်သား အသုံးပြုမူ မြန်မာပြည်မှာ လုံးဝ ပျောက်ကွယ်သွားဖို့အတွက် ဘယ်လိုမျိုး အဓိက လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ “ကုလသမဂ္ဂနဲ့ အစိုးရတို့ ၂၀၁၂ မှာ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့ သဘောတူခဲ့တဲ့အချိန်ကစပြီး အခုအချိန်အထိ ပြန်လွှတ်ပေးပြီးတဲ့ ကလေးစစ်သားအရေအတွက် က ၁၂၀ လောက်ရှိနေပါပြီ။ ဒါဟာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ ၂၀၁၄ မှာ စစ်တပ်ထဲမှာ ကလေးစစ်သားမကျန်ရှိရေးအတွက် ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။” အစိုးရနဲ့ သဘောတူညီမှုရထားတဲ့ ဒီ ၂၀၁၂ စီမံကိန်းကနေ စပြီးတော့ အခုနောက်ဆုံး လွှတ်လိုက်တဲ့ ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိလဲ။ “တပ်မတော်နဲ့ ကျနော်တို့ ကလေးစစ်သား ပပျောက်ရေးအစီအစဉ်ကို လက်မှတ်ရေးထိုး ထားပါတယ်။ ဒီစီမံကိန်းကို ၂၀၁၄ အထိ တိုးချဲ့ဆောင်ရွက်သွားမှာပါ။ ဒီကာလတွေအတွင်း တပ်မတော်တွင်းမှာ ကျန်ရှိနေသေးတဲ့ ကလေးစစ်သားတွေကို လုံးဝပပျောက်အောင် ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းမူကလည်း အရေးကြီးပါတယ်။ ကလေးစစ်သားတွေကို တပ်ထဲမှာတွေ့တာနဲ့ တိုင်ကြားလို့ရတဲ့ အစီအစဉ်တခုကိုလုပ်ဖို့ စီစဉ်နေပါတယ်။” ဒီကလေးစစ်သား အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့မှ ဖြည့်စွက်ပြောကြားချင်တာမျိုး၊ အကြုံပြုချင်တာမျိုး ရှိရင် ပြောပြပေးပါလား။ "အခုလိုကလေးစစ်သား ၄၂ ယောက်ကို တပ်မတော်က နုတ်ထွက်ခွင့် ပြုလိုက်တဲ့အတွက် ကြိုဆိုပါတယ်။ စစ်တပ်ထဲမှာကျန် နေသေးတဲ့ ကလေးသူငယ်တွေ လုံးဝမကျန်ရှိတော့အောင်လည်း ဆောင်ရွက်သွားမှာပါ။ ကလေးတွေဆိုတာ ကျောင်းစာသင်ခန်းနဲ့ အားကစားကွင်းတွေမှာ ရှိနေသင့်တာကြောင့်ပါ။"

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024