မိတ္ထီလာခရိုင်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
October 5, 2020
မန္တလေးတိုင်း မိတ္ထီလာခရိုင်အဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သီးကုန်းဂိတ်နဲ့ တောင်ကြီး-မိတ္ထီလာလမ်း ကျွဲတပ်ဆုံဂိတ်တွေမှာ အောက်တိုဘာ ၄ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ Rapid Test Kit နဲ့ စစ်ဆေးရာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦး ရောဂါပိုးတွေ့တယ်လို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
မိတ္ထီလာခရိုင်မှာ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်၁-၉ ရောဂါပိုး ရှိ၊ မရှိ Rapid Test Kit နဲ့ ပထမဆုံးအကြိမ် အခမဲ့ စစ်ဆေးပေးနေတလို့ ဆိုပါတယ်။
အမြန်လမ်းမကြီးမီးသတ်ဦးစီမှူး ဦးရဲလင်းကျော်က “ကုန်တင်ကားတွေ၊ အိပ်စပရက်ခရီးသည်တင်ကားတွေ၊ အန်စာတုံးကားတွေက ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အမြန်လမ်းကြက်ခြေနီရုံးထဲမှာ စစ်ဆေးပေးတယ်။ ပထမတသုတ် ၃၀ ဦး စစ်တဲ့ထဲက အမှတ်စဉ် ၁၄ မှာပဲ ယာဉ်မောင်း ၁ ဦးကိုစစ်တာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတယ်။ မိတ္ထီလာဆေးရုံကို မျိုးဆက်သစ်မြတ်ပါရမီလူမှူကယ်ဆယ်ရေးအသင်းကားနဲ့ ပို့လိုက်တယ်” လို့ ပြောပါတယ်။
သာစည်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ၁ ဦးက “၁၂ ဘီးကုန်တင်ကား ယာဉ်နောက်လိုက် ၁ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့တယ်။ ကော်မတီကကားနဲ့ပဲ သာစည်ဆေးရုံကို ပို့ပေးတယ်” လို့ ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ မန္တလေးမြို့နေသူ အသက် ၄၂ နှစ်အရွယ် အန်စာတုံးကား ယာဉ်မောင်း ၁ ဦးနဲ့ အောင်ပန်းက ကုန်တင်လာပြီး ရန်ကုန်ကိုလာတဲ့ တောင်ကြီးမြို့ အေးသာယာရပ်နေ အသက် ၂၃ နှစ်အရွယ် ၁၂ ဘီးကား ယာဉ်နောက်လိုက် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေမှာ ကိုဗစ်-၁၉ စစ်ဆေးချက် ၁၄ ရက်သက်တမ်းရှိတဲ့ ကျန်းမာရေးစစ်ဆေးချက်ပါမှသာ ဂိတ်တွေကို ဖြတ်သန်းသွားလာခွင့် ရှိတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့