ကွာရန်တင်း ၁၄ ရက်ပြည့်ပြီး အိမ်မှာနေသည့် အိမ်မဲမြို့က အမျိုးသားတွင် ကိုဗစ်ရောဂါတွေ့
DVB
·
October 4, 2020
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က အမျိုးသား တယောက်ဟာ ကွာရန်တင်း ၁၄ ရက်နေပြီး အိမ်ပြန်ရောက်မှ အနံ့ပျောက်တဲ့အတွက် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တယ်လို့ အိမ်မဲပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ရောဂါပိုးတွေ့ရတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားဟာ ယာဉ်မောင်းဖြစ်ပြီး ရန်ကုန် မြောက်ဥက္ကလာပကို သွားရောက်ကာ ပြန်လာပြီးနောက် စက်တင်ဘာ ၁၄ ရက်နေ့က စတင်ကာ ကွာရန်တင်းဝင်ခဲ့တာပါ။
၂၈ ရက်နေ့မှာ ကွာရန်တင်း ရက်ပြည့်လို့ အိမ်မှာပြန်နေတဲ့အချိန် အနံ့ပျောက်လာခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့က အိမ်မဲဆေးရုံ ပြန်လာပြရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာလို့ အိမ်မဲပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးကျော်အောင်က DVB ကိုပြောပါတယ်။
“သူက ကွာရန်တင်း ရက်ပြည့်လို့ အိမ်မှာ ၇ ရက် ပြန်နေရတာ၊ အိမ်မှာနေတဲ့အချိန် အနံ့ပျောက်တော့ ဆေးရုံပြန်လာပြတာ၊ ရန်ကုန်ပို့ စစ်ဆေးတော့ မနေ့က သိရတယ်၊ ရောဂါပိုးရှိတယ်ဆိုတာကို ညက ချက်ချင်း မြောင်းမြခရိုင်ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်။”
ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသားရဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့သူ စုစုပေါင်း ၈ ဦးကို အိမ်မဲမြို့နယ် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းက Facility Quarantine ကို ပို့ဆောင်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ကာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို အောက်တိုဘာ ၄ ရက်နေ့ မနက် ဓာတ်ခွဲနမူနာ ပို့လိုက်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသားဟာ လက်ရှိသတင်းတွေထွက်ပေါ်နေသလို ကွာရန်တင်းက ထွက်ပြေးပြီး ပိုးတွေ့ရှိခဲ့တာမဟုတ်ဘဲ အိမ်မှာနေထိုင်ရာက ပိုးတွေ့ခဲ့တာလို့ အိမ်မဲပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အိမ်မဲမြို့နယ်မှာ အောက်တိုဘာလ ၄ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လာလို့ ၃ ဦးကို ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - ချစ်မင်းထက်