အာဖဂန်ရှိ စစ်စခန်းဝင်ပေါက်အနီး ကုန်ကားတစီး ဖောက်ခွဲခံရ

365
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂဟာခရိုင်တွင်း စစ်စခန်းဝင်ပေါက်နားမှာ ကုန်ကားတစီးကို တိုက်ခိုက်ရေး သမားတွေက အောက်တိုဘာ ၃ ရက်မှာ ဗုံးထောင် ဖောက်ခွဲခဲ့ပါတယ်။
ဒါကြောင့် လူ ၁၅ ယောက်ထက် မနည်း သေဆုံးပြီး ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ခရိုင်အရာရှိတွေက ပြောပါတယ်။
အာဖဂန်ငြိမ်းချမ်းရေးအတွက် ကာတာနိုင်ငံမှာ ဆွေးနွေးနေပေမဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံအတွင်း အကြမ်းဖက်မှု တိုးနေပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အရပ်သား အများစုပါပြီး သေဆုံးသူ အရေအတွက် တိုးလာ နိုင်တယ်လို့ ခရိုင်အစိုးရပြောခွင့်ရက ပြောပါတယ်။
ဒီတိုက်ခိုက်မှု ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အုပ်စုကမှ တာဝန်မခံသေးပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ တာလီဘန် လက်ချက်လို့ အပြစ်တင်ပါတယ်။
ကျန်ခဲ့တဲ့သီတင်းပတ် ၂ ပတ်အတွင်း တာလီဘန်တွေက တိုက်ခိုက်မှု အကြိမ် ၆၅၀ လုပ်ခဲ့ပြီး အရပ်သား ၆၉ ယောက် သေဆုံးကာ လူ ၁၄၁ ယောက် ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။
ဒီအတွက် မှတ်ချက်ပေးဖို့ တာလီဘန်တွေကို ဆက်သွယ်ပေမယ့် ချက်ချင်း မတုံ့ပြန်သေး ပါဘူး။