ရှမ်းပြည်နယ်ဝင်မည့် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက် ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
October 4, 2020
ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်လာမယ့် ကုန်တင်ကား ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကလောမြို့နယ်၊ ရေယားကျေးရွာ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၃ ရက် ည ၁၂ နာရီအထိ Rapid Test Kit နဲ့ စစ်ဆေးရာ ၆၅၃ ဦးအနက် ၆ ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က “ဝင်လာမယ့် ကုန်တင်ယာဉ်တိုင်းကို ၂၄ နာရီ Rapid Test Kit နဲ့ စစ်ဆေးမှု ပြုလုပ်နေတာပါ။ မနေ့ည ၁၂ နာရီအထိကတော့ positive ၆ ဦးရှိသွားပြီ” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့တဲ့သူတွေကို ကလောဆေးရုံ သီးသန့်ဆောင်မှာ ဆေးကုသမှု ပြုလုပ်ပေးနေကာ ရောဂါလက္ခဏာမပြပါက ၁၁ ရက်နေပြီး ဆေးရုံဆင်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က “ဒီကားသမားတွေ စစ်တဲ့ဟာကတော့ တစ်ခါပဲ စစ်မှာ။ ဓာတ်ခွဲဌာနကို မပို့တော့ပါဘူး။ ပိုးတွေ့ရင် ဆေးရုံမှာ ခေါ်ထားမယ်။ ဂိုက်လိုင်းအတိုင်း ထားမယ်။ အခုနောက်ပိုင်းက ဘာနဲ့စစ်စစ် ပိုးတွေ့ရင် ဆေးရုံမှာထားမယ်၊ ဘာလက္ခဏာမှမရှိရင် ၁၁ ရက်ထားပြီး ဆင်းပေးမယ်။ တကယ်လို့ လက္ခဏာရှိရင် အဲဒီလက္ခဏာ ပျောက်အောင် ဆက်ပြီးကုသရမယ်။ ၁၄ ရက် ဒါမှမဟုတ် ၂၁ ရက်အထိ အဲလိုပဲ ဆက်ပြီးတော့ မစစ်တော့ဘူး” လို့ ပြောပါတယ်။
ရှမ်းပြည်နယ် ကလော၊ နောင်ချို၊ လားရှိုး၊ မူဆယ်မြို့နယ်နဲ့ ချင်းရွှေဟော်တို့မှာရှိတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို Test Kit နဲ့ ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးပြီး ပိုးကင်းစင်သူတွေကို ထောက်ခံချက်ထုတ်ပေးပြီး ကုန်တင်ယာဉ် ဆက်လက်ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။
ခွန်ရာဇာ