မြင်းခြံတွင် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
October 4, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မြင်းခြံဆေးရုံအုပ်ကြီးက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က မြင်းခြံမြို့က ၅၆ ယောက်ကို ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတာပါ။
မြင်းခြံခရိုင် ဆေးရုံအုပ်ကြီးဒေါက်တာ ထွန်းဝင်းက “ရန်ကုန်က ယာဉ်မောင်း ယာဉ်နောက်လိုက်တွေဖြစ်ပါတယ်။ မြင်းခြံဆေးရုံမှာပဲ ကုသမှာပါ။ ခုထိ ပိုးတွေ့လူနာတွေက ကျန်းမာနေပါတယ်။ ဆက်လက်စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
ကွာရန်တင်းစင်တာတွေက စစ်ဆေးပြီး ပိုးတွေ့ပါက ဆေးရုံမှာပဲ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
“ပုံမှန်နေကောင်းရင် ၁၁ ရက် ဆေးရုံတက်ရပါတယ်။ ဖျားမယ်၊ အနံ့မရ ဖြစ်မယ်၊ ဝမ်းပျက်မယ် ဆိုရင်တော့ ၂၁ ရက်စောင့်ကြည့်တယ်။ လိုအပ်လာရင် ဆေးရုံလွှဲပြောင်းပေးရမှာပေါ့။”
မြင်းခြံဆေးရုံမှာ အခု လူနာသစ် ၃ ဦး အပါအဝင် ၅ ဦး ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းသွားသူက ၆၀ ရှိနေပြီလို့ သိရပါတယ်။
သတင်း - ဇာဇာမောင်(CJ)၊ (Swab ယူမှတ်တမ်းပုံ Moe Kyaw fb)