ကလေးမြို့ ကွာရန်တင်းစင်တာ၌ ကျန်းမာရေးဝန်ထမ်းများအား ရန်ပြုသူကို အရေးယူ
DVB
·
October 4, 2020
စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကွာရန်တင်းစင်တာမှာ အောက်တိုဘာ ၂ ရက်နေ့ညက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စင်တာတာဝန်ရှိသူတွေအား ရန်ပြုသူကို ပုဒ်မ ၃၃၃ (ပြည်သူ့ဝန်ထမ်းအား ပြင်းထန်ဒဏ်ရာရအောင်ပြုမူမှု) နဲ့ အမှုဖွင့် အရေးယူမယ်လို့ ကလေးမြို့စခန်းက စခန်းမှူးက ပြောပါတယ်။
အဲဒီလူကို အောက်တိုဘာ ၂ ရက်နေ့ညက ကွာရန်တင်းစင်တာကို ခေါ်လာရာမှာ ကတ်ကြေးနဲ့ ထိုးတာကြောင့် ရဲတယောက် နံရိုးကြား ထိုးသွင်းဒဏ်ရာရရှိပြီး စေတနာ့ဝန်ထမ်း တဦးလည်း နားရွက်တဖက် ထိခိုက်သွားတယ်လို့ သိရပါတယ်။
ကတ်ကြေးနဲ့ ထိုးခံရတဲ့ ရဲတပ်သားဟာ အသက်ဘေးအန္တရာယ်တော့ မရှိဘူးလို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပါဝင်သူတဦးရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားချက်အရ သူက တံခါးတွေကို ကန်ဖွင့်ပြီး ရန်ပြုခဲ့သလို သူ့ကိုလူအများနဲ့ ဝိုင်းဖမ်းဆီးရတယ်လို့ သိရပါတယ်။
ရန်ပြုသူအား ဓာတ်ခွဲနမူနာ ဆေးစစ်ရာချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း အောက်တိုဘာ ၃ ရက်နေ့က အဖြေသိရပါတယ်။
စွဲဆိုထားတဲ့ ပုဒ်မဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်သလို ငွေဒဏ်လည်း ချနိုင်တယ်လို့ သိရပါတယ်။
Photo-Nay Thway Thit Aung