ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦး ထပ်တွေ့၊ စုစုပေါင်း ၄၈ ဦး ရှိလာ
DVB
·
October 4, 2020
မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မှာ အောက်တိုဘာ ၃ ရက်ညပိုင်းက ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာပေါင်း ၄၈ ဦး ရှိလာပြီလို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
အားလုံးက ရန်ကုန်ပြန်တွေဖြစ်ပြီးတော့ Facility Quarantine မှာ စောင့်ကြည့်ထားတဲ့လူတွေဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။
ပိုးတွေ့လူနာသစ် ၁၂ ဦးက ပနီတွင်းကျေးရွာက ၉ ဦး၊ ညောင်လှကျေးရွာက ၂ ဦးနဲ့ နပ္ပလ္လင်ကျေးရွာက ၁ ဦး တို့ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ်မှာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာပေါင်း ၄၈ ဦးအထိ ရှိနေပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံမှာ ရွှေ့ပြောင်းကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ်အတွင်း ပိုးတွေ့လူနာ များပြားလာမှုကြောင့် ညောင်ဦးခရိုင် ခုတင် ၂၀၀ ပြည်သူဆေးရုံကြီးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေအတွက် အဆောင်တိုးချဲ့တာတွေ လုပ်နေသလို အခုချိန်မှာ လူနာ ၅၀ အထိ ထားနိုင်ဖို့ ပြင်ဆင်ထားကာ ပိုးတွေ့လူနာတွေ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)