Home
အထွေထွေ
ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်းကို ထုတ်ဝေဖြန့်ချိသူများ လက်ခံ
မျိုးဇော်လင်း
·
July 9, 2013
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေမူကြမ်းကို ပုံနှိပ်ထုတ်ဝေဖြန့်ချိရောင်းချသူများက လက်ခံပြီး မြန်မာမီဒီယာပတ်ဝန်းကျင်မှာတော့ ဒီဥပဒေအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေမူကြမ်းကို ဇူလိုင် ၄ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်အမတ်က အတည်ပြုပေးလိုက်တာပါ။ မြန်မာနိုင်ငံစာပေထုတ်ဝေသူများနဲ့ ဖြန့်ချိသူများအသင်းအတွင်းရေးမှူး ဦးမြင့်ထွန်းက “ မီဒီယာဥပဒေမှ မဟုတ်တာ၊ ပုံနိုပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ ၆၂   ဥပဒေကြားထဲမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဒီဥပဒေမှာ လျှော့ပေါ့ထားတာတွေ အများကြီးရှိတဲ့အတွက် ခန့်လို့ရတယ်။ ကျနော်တို့ ထုတ်ဝေသူတွေအနေနဲ့ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနဲ့ ဖြန့်ချိသူများ သူအသင်း၊ မြန်မာနိုင်ငံ  ပုံနိုပ်သူနှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း အဲဒီသုံးသင်းဟာ လက်ခံယူခဲ့တယ်။ သဘောထား ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အသင်း အဓိက ထုတ်ဝေတဲ့ လူနဲ့ ပုံနှိပ်တဲ့လူတွေက ဒီဥပဒေကို လက်ခံလို့ရတယ်။” ပြည်သူ့ဆန္ဒတွေကို အလေးထားတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို လက်ခံကြောင်း မြန်မာနိုင်ငံ ပုံနှိပ်သူနဲ့ ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းဝင်တဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးက သူရဲ့သဘောထားကို အခုလို ထုတ်ဖော် ပြောပြခဲ့ပါတယ်။ “လွှတ်တော်က အတည်ပြုတဲ့ အတိုင်း နိုင်ငံသား တယောက်အနေနဲ့တော့ လိုက်နာမှာပေါ့။ ဒါပေမယ့် သူက ပြည်သူလွှတ်တော်ပဲ ရှိသေးတယ်၊ အားလုံး အတည်ပြုပြီးမှ အဲဒီအတည်ပြုတာကို လေ့လာလို့ရမယ်၊ အခု ပထမ အဆင့်ပဲရှိသေးတယ်။၊ အများစုကတော့ အရင်တုန်းက ၆၂ ခုနှစ် ဥပဒေ နဲ့ စာရင်တော့ ကျနော်တို့ ပုံနှိပ်ထုတ်လုပ်သူ လုပ်ငန်းရှင်အဖွဲ့တော့ လုပ်နိုင်ကိုင်နိုင်ရှိတယ်၊ ပြည်သူ့ဆန္ဒနဲ့ ရွေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ အတည်ပြုပြီးရင်တော့ ကျနော်အနေနဲ့ လိုက်နာရမှာမယ်လို့ စိတ်ကူထားပါတယ်။” ဒီဥပဒေကြောင့် မြန်မာမီဒီယာအခန်းကဏ္ဍတွင် သတင်းမီဒီယာ၊ ပုံနှိပ်ထုတ်ဝေနဲ့ ထုတ်ဝေဖြန့်ချိ စတဲ့မီဒီယာအချင်းချင်း သဘောထားတွေကွဲလွဲခဲ့ရပြီး အဓိက ကွဲလွဲခဲ့တဲ့အကြောင်း ကို ရန်ကုန်မီဒီယာဂရုပ်မှ ဦးကိုကို အခုလို ရှင်းပြခဲ့ပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တချို့က နိုင်ငံတကာမှာရှိတဲ့ ဥပဒေအကြောင်းကို သေချာ လေ့လာထားပုံမရဘူး။ သူတို့ ခံစားချက်နဲ့ သူတို့ (အိုးဗားရှင်း) ကိုပဲ တင်ပြနေတာ တွေ့တယ်။ ဆိုလိုတာကတော့ ပြန်ကြားရေး ၀န်ကြီးဌာနက ဆွဲတဲ့ ဥပဒေ မှုကြမ်းနဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်ကောင်စီကနေ ပြန်ပြီး ဖြည့်စွက်ထားတာတွေ ရှိတယ်။ ဒီဥပေဒေကို ဆွေးနွေးတဲ့ အင်းတော်က လွှတ်တော်ကိုယ်စားလှယ်ပေါ့နော်။ သူနဲ့ အင်တာဗျူးပါတဲ့ အခါမှာ  အကြံပြုချက်ကို သူမမြင်ဖူးဘူးလို့ အဲဒီလိုပြောသွားတယ်။ လွဲမှားမှုကတော့ အကြီးအကျယ်ဖြစ်တယ်။ လွှတ်တော်မှာ ဘယ်သူကဖြင့် ဘယ်လိုလုပ်နေပါတယ်ဆိုပြီးတော့ အဲဒီလို မျှမျှတတလေး အကုန်လုံးတင်ပြကြပြီးတော့ လုပ်သွားကြရင်ကောင်းမယ်ထင်တယ်။ အခုကတော့ အချက် အကြောင်းလိုက် အကြောင်းလိုက်ကြီးတွေ ဖတ်တယ် ဖတ်ပြီးသွားလို့ လွှတ်တော်ကိုစားလှယ်တွေက ပြန်ကြည့် တချို့ ထွက်လာတဲ့ဟာတွေကတော့ နိုင်ငံတကာ စံချိန်စံညွှးန်တွေနဲ့ လွဲနေတယ်။ အဓိပ္ပာယ် ဖွင့်ဆိုတာတွေလည်း လွဲတယ်။” စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ် ကန့်ကွက်ခဲ့ပြီး ရှေလျှောက်  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အခွင့်အလမ်းနည်းသွားပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ မြန်မာပြည် မီဒီယာဥပဒေတွေနဲ့ ပတ်သက်ပြီး သမ္မတအစိုးရအဖွဲ့ တာဝန်ယူတဲ့အချိန်က စပြီး အခုအထိ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024