တိုကျိုမြို့၌ မြန်မာနိုင်ငံသားများ ကြိုတင်မဲ စပေး
ဇော်ဇော်လှိုင်
·
October 3, 2020
နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ အောက်တိုဘာ ၃ ရက်နေ့ မနက် ၉ နာရီခန့်က စတင်ကာ ကြိုတင်ဆန္ဒမဲ လာပေးနေကြပါတယ်။
ယိုကိုဟားမား ကနေ ကြိုတင်မဲလာရောက်ပေးသူ ကိုအောင်အောင်ကတော့ ကိုဗစ်ကာလဆိုပေမယ့် မဲပေးရတာ တကယ်ကို အရမ်းဆင်ပြေကြောင်း၊ သံရုံးအတွင်း မဲရုံမှာ တဦးနဲ့တဦး အကွာအဝေး အချိန်တို့ ခွဲခြားထားပြီး စနစ်တကျရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တိုကျိုသံရုံးနဲ့အနီးဆုံး ဘူတာမှာ လုပ်အားပေး ကားတွေနဲ့ အကြိုအပို့လုပ်နေကေတာကြောင့် အသွားအလာလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
ကြိုတင်မဲလာပေးသူ ဂျပန်ရောက်မြန်နိုင်ငံသားတွေကို မြန်မာသံအမတ်ကြီးကိုယ်တိုင် မဲပေးရမယ့်ပုံစံ၊ လိုက်နာရမယ့်စည်းကမ်းတွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့လည်း ကိုအောင်အောင်က ဒီဗွီဘီ ပြောပါတယ်။
မဲရုံပိတ်ပါက သတ်မှတ်ချက်တွေနဲ့အညီ မဲတွေကို စနစ်တကျစစ်ဆေးကာ မြန်မာသံအမတ်ကြီးခွင့်ပြုချက်နဲ့ တရားဝင် ဆန္ဒမဲအရေအတွက်တွေကို ထုတ်ပြန်ကြေညာသွားပါမယ်လို့ သံးရုံး ပထမ အတွင်းဝန် ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံ နေရာအနှံအပြားမှာ ရောက်ရှိနေကြတာကြောင့် တိုကျိုမြို့တော်နဲ့ ကန်တိုဒေသနေထိုင်သူတွေကို အောက်တိုဘာ ၃ ရက်နေ့ကမှ ၉ ရက်နေ့အထိ၊ ကျန်ပြည်နယ်တွေမှာ နေထိုင်သူတွေကို အောက်တိုဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ သံရုံးမှာ လာရောက်ပေးနိုင်တယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံသားများ ဒုတိယအများဆုံး နေထိုင်ကြတဲ့ Tokai ဒေသရှိ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအတွင် မဲရုံခွဲကို နဂိုယာမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှာ ဖွင့်လှစ်မှာဖြစ်ပြီး ကြိုတင်မဲကို အောက်တိုဘာ ၁၀ ရက်ကနေ ၁၁ ရက်အထိ ပေးနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်တောင်းခံတဲ့ ပုံစံ (၁၅) ကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၁ သောင်းလောက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့ပြီး ၈ ထောင်ကျော်မဲပေးခွင့် ရရှိတယ်လို့ သိရပါတယ်။