ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် မြန်မာတွင် အကူအညီပိုလိုအပ်
DVB
·
July 9, 2013
မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်ဖို့ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ) က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တခြားအကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ အကြီးအကျယ်လိုအပ်နေတယ်လို့ အိုင်စီအာရ်စီက ဇူလိုင် ၈ ရက်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အိုင်စီအာရ်စီရဲ့ အရှေ့နဲ့ အရှေတောင်အာရှ ပစိဖိတ်ဆိုင်ရာ အကြီးအကဲ အယ်လိုင်း အေ့ရှလေမာန်(Alain Aeschlimann) က “ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ ရာချီတဲ့လူတွေ သေဆုံးဒဏ်ရာရပြီး အများအပြား အဖမ်းခံရသလို ထောင်ချီတဲ့နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်။ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေရဖို့ ရပ်ရွာလူ့အသိုင်းအ၀ိုင်းဟာ ရုန်းကန်နေကြရတယ်” လို့ ကြေညာချက်မှာ ပြောပါတယ်။
အိုင်စီအာရ်စီအဖွဲ့အနေနဲ့ အလှူရှင်တွေဆီက အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈၂ သန်း ထပ်တိုး တောင်းခံထားတဲ့အတွက် အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံအသုံးစရိတ် ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၁၆ ဒဿမ ၄ သန်းထိ ရှိစေမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ရေးပါတယ်။
ရရှိလာတဲ့ ရန်ပုံငွေတွေကို အဓိကရုဏ်းဖြစ်ပွားရာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရတဲ့သူ တွေအတွက် အဓိကထား အသုံးပြုသွားမယ့်အကြောင်းနဲ့ ရခိုင်ပြည်နယ်က လူ ၁ သောင်းခွဲနီးပါးကို ၀င်ငွေရှာဖွေနိုင်ဖို့ အတွက် အိုင်စီအာရ်စီက အကူအညီပေးသွာမယ်လို့ လည်း ဆိုပါတယ်။
အိုင်စီအာရ်စီဟာ ၂၀၁၃ ဇန်န၀ါရီလက မြန်မာအကျဉ်းစခန်းတွေထဲကို ၀င်ရောက် စစ်ဆေးကြည့်ရှုခွင့် ပြန်ရပြီးနောက် အကျဉ်းစခန်းအခြေအနေ တိုးတက်ကောင်းမွန်ဖို့နဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားရာနေရာက အရပ်သားတွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု အကူညီတွေ ပေးနိုင်ရေး နည်းလမ်းရှာ ကြိုးစားခဲ့ပါတယ်။
အိုင်စီအာရ်စီနဲ့ မြန်မာ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီးလည်း ရခိုင်နဲ့ မွတ်စလင် လူဦးရေ ၉၀၀ လောက်ကိုလည်း အရေးပေါ် ကူညီခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။