ရှမ်းပြည်နယ်တောင်ပိုင်း၌ ကိုဗစ်လူနာသစ် ၃ ဦးထပ်တွေ့
DVB
·
October 3, 2020
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၂ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်နယ်ပြည်သူကျန်းမာရေးဌာနက ပြောပါတယ်။
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ ၁၀၂ ခုစစ်ဆေးရာမှာ လူနာသစ် ၃ ဦး တွေ့ရှိခဲ့တာပါ။
ပိုးတွေ့ လူနာတွေက တောင်ကြီးမြို့နယ်ထဲက အေးသာယာ၊ ပင်းတယနဲ့ အောင်ပန်းမြို့တို့က ဖြစ်ပါတယ်။
လူနာသစ် ၃ ဦးထဲက ပင်းတယ ပိုးတွေ့လူနာကတော့ စက်တင်ဘာ ၃၀ ရက်က ကိုဗစ်-၁၉ အတည်ပြု လူနာနဲ့အနီးကပ် ထိတွေ့မှုရှိသူ ဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က “ပင်တယ တဦးက ရန်ကုန်မှာ ပန်းရောင်းပြီး ပြန်လာတဲ့သူဖြစ်တယ်။ သူတို့အဖွဲ့ ၇ ဦးမှာ ၂ ဦးကတော့ ပိုးတွေ့သွားတယ်။ အေးသာယာကတော့ ကားစပယ်ယာပေါ့၊ ၂၆ ရက်က ပြန်လာတာ သူနဲ့ထိတွေ့သူက သူ့မိသားစုနဲ့ ကားဆရာပေါ့။ အောင်ပန်းတဦးကတော့ ပြန်လာက တည်းက အသွားအလာ ကန့်သတ်ထားတာ၊ သူနဲ့ထိတွေ့သူက ကားပေါ်အတူပါလာတဲ့သူပဲပေါ့” လို ပြောပါတယ်။
ပိုးတွေ့လူနာအားလုံးရဲ့ အခြေအနေမှာ ကောင်းမွန်နေပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ လက်ရှိ ကိုဗစ် positive လူနာ ၈ ဦး ဆေးကုသမှုခံယူနေပါတယ်။
ပိုးတွေ့လူနာတွေ များလာတဲ့အတွက် ရှမ်းပြည်နယ်ကို ဝင်လာမယ့် ကုန်တင်ကားတွေရဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို Rapid Test Kit တွေနဲ့ စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ခွန်ရာဇာ