A d v e r t i s e m e n t With Us

မိုင်းဆတ်တွင် ကျပ်သိန်းပေါင်း ၂၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းရမိ 

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ထဲမှာ ကျပ်သိန်းပေါင်း ၂၃၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားအကြေတွေနဲ့ ဆေးမှုန့်တွေ သိမ်းဆည်းရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ဗဟို) က ထုတ်ပြန်ပါတယ်။  နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁ ရက် မနက်က မိုင်းဆတ်မြို့နယ် စတုံးကျေးရွာအုပ်စု မယ်ကြုတ်ကျေးရွာအနီးတဝိုက်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြေကြီးတွင်းထဲက ကော်ပုံးတွေထဲထည့်ထားတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာပါ။  အဆိုပါမူးယစ်ဆေးတွေဟာ ရေစိုပျက်စီးနေတဲ့ အနေအထားမှာရှိပြီး စိတ်ကြွဆေးပြားအကြေ အလေးချိန် ၉၅ ကီလိုဂရမ် ( ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၅၀၀ ) နဲ့  စိတ်ကြွဆေးမှုန့်အလေးချိန် ၁၃၈ ကီလိုဂရမ် ( ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၈၀၀ ) ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဆိုပါမူးယစ်ဆေးတွေကို မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းက မူးယစ်မှုနဲ့အရေးယူ အမှုဖွင့်ထားကာ တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။  ဓာတ်ပုံ- CCDAC Myanmar

A d v e r t i s e m e n t With Us

More News
Up