နေပြည်တော်အဝင်အထွက် ကုန်တင်ယာဉ်မောင်းများကို ကိုဗစ်-၁၉ ရှိ မရှိ အမြန်စစ်ဆေးနေ
DVB
·
October 2, 2020
အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အဝင်အထွက် ကုန်တင်ကား မောင်း သမားတွေ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Test Kits တွေနဲ့ အမြန်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်လက်မှတ်မပါတဲ့ ကုန်တင်ကားတွေ အနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။
စက်တင်ဘာ ၁ ရက် ညပိုင်းထဲက နေပြည်တော် ကောင်စီတာဝန်ရှိသူတွေက နေပြည်တော် အဝင်တွေကို ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ကုန်ကားသမားတွေကို Test Kits တွေနဲ့ အမြန်စစ်ဆေးပေးဖို့ စီစဉ်နေတယ်လို့ ဒက္ခိဏသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကင်းရှင်းကြောင်းထောက်ခံချက်မပါတဲ့ ကုန်ကားတွေကတော့ နေပြည်တော် ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ကုန်ကားအစီးရေ ရာနဲ့ချီပြီး နေပြည်တော်အဝင် ရေနီမြို့မှာ ပိတ်မိနေခဲ့တာပါ။
ကုန်ကားသမားတွေကတော့ ဒီကြေညာချက်ကို ကြိုတင်မသိရှိခဲ့ရဘူးလို့ ကုန်တင်ယာဉ်မောင်း ကိုဘိုဘိုဦးက ပြောပါတယ်။
ကပ်ရောဂါဘေးကာလမှာ အခုလို ကုန်ကားတွေအမြောက်အများ မြို့ထဲမှာ ရပ်နေတဲ့ အတွက် စိုးရိမ်တဲ့အကြောင်း ရေနီမြို့ခံတစ်ဦးဖြစ်တဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ပြောပါတယ်။
နေပြည်တော် အဝင် ရေနီဂိတ်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေကို Test Kits နဲ့ စစ်ဆေးဖို့ပြုလုပ်နေရာမှာ လက်ရှိမှာတော့ ကားအစီးရေ ၈၃ စီးခန့်၊ လူ ၁၆၀ ကျော် လောက်ကို စစ်ဆေးဖို့ ရှိနေတာပါ။
ဒီကုန်ကားသမားတွေကို နေပြည်တော် တပ်ကုန်းရှိ ညောင်လွတ် ကျန်းမာရေးဌာနမှာ စစ်ဆေးမှာဖြစ်ပြီး နေပြည်တော်ဒေသခံဖြစ်ပါက ကျပ်ငွေ ၃၀၀၀၀နဲ့ နေပြည်တော် ပြင်ပက ဖြစ်ပါက ကျပ်ငွေ ၅၀၀၀၀ ကျခံရမှာဖြစ်ပါတယ်။
အခုလို ကုန်တင်ကားတွေကို စစ်ဆေးတာဟာ နေပြည်တော်ဒေသတစ်ခုတည်း မဟုတ်ဘဲ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်