Home
မြန်မာသတင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ စီတန်းလှည့်လည်မဲဆွယ်မည်မဟုတ် 
DVB
·
October 2, 2020
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှာ ရွေးကောက်ပွဲအတွက်  စီတန်းလှည့်လည်မဲဆွယ်တာတွေ မလုပ်ဖို့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီထောက်ခံသူတွေကို ညွှန်ကြားထားတယ်လို့ ပါတီ ခေါင်းဆောင်က ပြောပါတယ်။ ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက“ စီတန်းလှည့်လည်တာမလုပ်ဖို့ ပြောထားပြီးသား လယ်သမားတွေကတော့ လုပ်ချင်တာပေါ့။ ကျနော်တို့ကလည်း ဟိုအရင်တုန်းကလည်း အကြီးအကျယ် လုပ်ခဲ့တာကိုဗျ၊ ထောင်ချီသောင်းချီပြီး လုပ်ခဲ့တဲ့အခါကျတော့။ ကျနော်က မလုပ်ပါနဲ့လို့ ပြောထားလို့လေ၊ ရိုးရိုးတန်းတန်း ရွာတွေကို Door to Door သွားပြီးမဲဆွယ်ပါ ဒီလောက်ပဲ ကျနော် လုပ်ခိုင်းတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး  စလင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်တဲ့ ရန်ကုန်ကနေ  သက်ဆိုင်ရာ မဲဆန္ဒနယ်ကို သွားရောက်ပါက ကွာရန်တင်းဝင်ရဖို့ရှိပြီး  ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ် စည်းရုံးရေး လုပ်ဆောင်ဖို့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။   “ရွေး‌ကောက်ပွဲက အီလည်လည်ရွေးကောက်ပွဲကြီးဖြစ်နေတာကိုး၊  အခက်အခဲတွေချည်းပဲ  ဖြစ်နေတယ်။ ကိုယ့်အချင်းချင်းတောင်မှ ဆက်သွယ်လို့မရတဲ့ဘဝဖြစ်နေတယ်။ မဲဆွယ်တာ လုပ်လို့ရလားဆိုတော့ အမှန်အတိုင်းပြောရရင် သွားလို့လာလို့  တစ်ရွာနဲ့ တစ်ရွာတောင် သွားလို့မရဘူး၊ ဘာလို့လဲဆိုတော့ ရွာတွေက အဝင်မခံဘူးဗျ။ လာဆွယ်တဲ့လူက ရောဂါ ပါလာသလား မပါသလား မသိဘူးလေ။ ရွာထဲက လူတွေကလည်း မဲဆွယ်တဲ့လူတွေကို ကြောက်တယ်။ မဲဆွယ်တဲ့ လူတွေကလည်း ရွာထဲသွားရမှာ ကြောက်တယ်၊ အဲလိုဖြစ်နေတယ်”လို့ ဦးကျော်စွာစိုးက ပြောပါတယ်။ မင်းလှမြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂)အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း   ဦးမြင့်ကြိုင်ကတော့  မြန်မာပြည် လူဦးရေရဲ့  ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေတောင်သူလယ်သမားတွေ ဆင်းရဲနေတဲ့အတွက်ရွေးကောက်ပွဲ ဝင်ပြိုင်တာလို့ ပြောပါတယ်။ “တောင်သူလယ်သမား မဲဆန္ဒရှင်တွေကို အထူးပြောချင်တာကတော့ ကိုယ်ရွေးချယ်တင်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲရောက်မှ နောက်ကနေ အပြစ်ပြောမနေပါနဲ့ အရွေးမှားရင်တော့ ၅ နှစ်ခံပေးဦးပေါ့။ ခု ၂၀၂၀ မှာ အရွေးမမှားဖို့ လယ်သမားလူတန်းစားတွေ လွှတ်တော်ထဲရောက်မှ လယ်သမားတွေဘဝကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက် လယ်သမားပါတီကို လွှတ်တော်ထဲရောက်အောင် တွန်းတင်ပေးပါ” လို့ ပြောပါတယ်။ မင်းလှမြို့နယ်မှာ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ စတဲ့  ၅ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့ တောင်သူလယ်သမားဝန်ကြီးဌာန ဖြစ်မြာက်ရေး၊ စိုက်ပျိုးမွေးမြူးရေးအတွက် နိုင်ငံတကာနည်းပညာတွေနဲ့ အကောင်အထည်ဖော်နိုင်ရေး၊ စိုက်ပျိုးစရိတ်လုံလောက်စွာရရှိရေး၊ တောင်သူလယ်သမားခွင့်ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်မှုဥပဒေတစ်ရပ်ပြဋ္ဌာန်းရေး၊ ကမ္ဘာ့ဘဏ်ချေးငွေ တောင်သူလယ်သမားတွေ ရရှိရေး၊ အနာဂတ်မှာ တောင်သူ လယ်သမား အကျိုးပြုဘဏ်ကြီးတခုရရှိပြီး ချေးငှားခွင့်လိုင်စင်ရရှိရေး ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်သမားတွေအတွက် စိုက်ပျိုးစရိတ်အပြင် ရင်းနှီးသိုလောင်နိုင်အောင် ဘဏ်တွေက နှစ်ရှည်တိုးရရှိအောင် ဆောင်ရွက်ပေးရေး၊ လယ်ယာမြေမှုခင်းတွေကို  အာဂတိကင်းစွာဥပဒနဲ့အညီ ဖြေရှင်းပေးရေး၊ သိမ်းဆည်းခံလယ်ယာမြေတွေကိုလည်း ဥပဒေနဲ့အညီ စစ်ဆေးပြီး မူလတောင်သူလက်ထဲကို ပြန်ရောက်ရေး ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၆ ဦး ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် အဓိက  ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း- သက်နိုင်ဝင်း(CJ) ဓာတ်ပုံ- Myanmar farmers' development party
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024