ကိန်းနှင့်ပတ်သက်သည့် မော်ရင်ဟိုမှတ်ချက်ကို ဆောက်ဂိတ် တုံ့ပြန်

1.9K
တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပတ်သက်တဲ့ မော်ရင်ဟိုရဲ့ မှတ်ချက်စကားကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ စပါးအသင်းဟာ သီတင်းပတ် ၃ ခုအတွင်း ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ ကာရာဘောင်းပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဒီအခြေနေတွေကြောင့် မော်ရင်ဟိုက လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်း နည်းပြအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို သက်သက်သာသာ အသုံးပြုသွားစေချင်တယ်လို့ ပြောခဲ့ပါတယ်။
“သုံးပွဲဆိုတာ တော်တော်များပါတယ်။ အထူးသဖြင့် ကျနော့်ကစားသမားတွေအတွက်တော့ ဆောက်ဂိတ်နဲ့ လက်ထောက်နည်းပြအနေနဲ့ ကစာသမားတွေကို ဂရုစိုက်ပြီး ဒဏ်ရာမရအောင် အသုံးပြုစေချင်ပါတယ်” လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဘေးလ်ကို ဝေလအသင်းမှာ အသုံးမပြုဖို့ ဆန္ဒရှိခဲ့သူဖြစ်ပြီး သူ့ဆန္ဒအတွင်း ဘေးလ်ဟာ လက်ရွေးစင်အသင်းမှာ မရွေးချယ်ခံခဲ့ရပေမဲ့ ကိန်းကိုတော့ ဆောက်ဂိတ်က အင်္ဂလန် အသင်းအတွက် ရွေးချယ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ တပတ်အတွင်း ဝေလ၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်တို့နဲ့ ၃ ပွဲကစားရမှာ ဖြစ်ပြီး မော်ရင်ဟိုက ကိန်းကို ဒီ ၃ ပွဲထဲက ၁ ပွဲမှာသာ အသုံးပြုစေချင်ခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မော်ရင်ဟိုက လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှုတွေအပေါ် အနည်းငယ်စိတ်ခုသွားခဲ့တယ်လို့ ယူဆရပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်း ခဲ့ရာမှာ အခုလို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
“ဧပြီနဲ့မေလအတွင်း မော်ရင်ဟိုအနေနဲ့ လုပ်သင့်တာက ကိန်းကို ကျနော်တို့အတွက် ဂရုစိုက်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူ ၅၅ သန်းနဲ့ သက်ဆိုင်နေလို့ပါ။ သူဟာ ဖုန်းဆက်ပြီးပြောလို့ရပေမယ့် စပါးအသင်းရဲ့ကွင်းပေါ်တက်ပြီး ပြောနေပါတယ်။ ကျနော့်ကို မော်ရင်ဟိုက သူ့ရဲ့မိတ်ဆွေ တယောက်လို သဘောမထားတဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်။ ကျနော့်ဘက်ကတော့ ဘယ်ကစားသမားကိုမှ သေချာပေါက် ၃ ပွဲစလုံးမှာ အသုံးပြုသွားမှာ မဟုတ်ပါဘူး။ ဘယ် ကစားသမားမှလည်း ဒီ ၃ ပွဲလုံး ကစားခွင့်မရဘူးလို့လည်း အာမမခံနိုင်ပါဘူး။ ခင်ဗျားအနေနဲ့ ကစားသမားတယောက်ကို ၅ မိနစ်လောက်ပဲ ကစားခွင့်ပေးခဲ့မယ်ဆိုရင် အပြောနဲ့ အလုပ်မညီဘူးလို့ အပြောခံရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရည်ရွယ်ချက်က လူစာရင်းတခုလုံးကို စီမံခန့်ခွဲဖို့ပါ။ ကစားသမားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း တာဝန်ရှိပါတယ်။ ဒီရာသီတခုလုံးဟာ နိုင်ငံအသင်းတွေနဲ့ ကလပ်အသင်းတွေအတွက် စိန်ခေါ်မှုကြီးတခု အဖြစ်ရှိနေပြီး ကျနော်တို့ အချင်းချင်းပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့ ကိုယ့်အတွေးနဲ့ ကိုယ်လုပ်နေမယ်ဆိုရင် ဒါဟာ ဘယ်သူ့အတွက်မှ အကူအညီမဖြစ်စေပါဘူး။”