လောစစ်ဟန်က စစ်အစိုးရ သက်ဆိုးရှည်အောင် တဖက်တလမ်းကနေ ကူညီပေးခဲ့တာ

ဦးေလာ်စစ်ဟန်
ကိုးကန့်အင်အားစုရဲ့  ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်သလို အရှေ့တောင်အာရှ မှုးယစ်ဆေးဝါးနဲ့ ဘိန်း မှောက်ခိုကူးသူလို့ လူသိများတဲ့ လော်စစ်ဟန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားပါတယ်။ လော်စစ်ဟန်ဟာ ရန်ကုန်မြို့ အောင်ရတနာ အထူးကုဆေးခန်းမှာ ဇူလိုင် ၆ ရက်နေ့ ညက နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လော်စစ်ဟန်ရဲ့ ဈာပနကို လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ ယူနန်သုသာန်ကို ပိုဆောင် ဂူသွင်းသင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။ လော်စစ်ဟန်ဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ အာဏာရှင် ဦးနေ၀င်း တည်ထောင်ခဲ့တဲ့ ဒေသခံ ပြည်သူစစ်တွေကို ခေါင်းဆောင်ပြီး ကိုးကန့်ဒေသတွင်းက ကွန်မြူနစ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ကူညီခဲ့တဲ့အတွက် အလဲအလှယ်အနေနဲ့ မူးယစ်ဆေးဝါး ကုန်ကူးခွင့်ကို ရရှိခဲ့တဲ့အကြောင်း ရွှေတြိဂံ ဘိန်းကုန်ကူးမှု သုံးသပ်ချက် စာအုပ်မှာ ဘာတေလ်းလင့်တနာက ရေးသားထားပါတယ်။ [caption id="attachment_41404" align="alignright" width="300" caption="ဦးလော်စစ်ဟန်"][/caption] ၁၉၇၃ မှာ  လော်စစ်ဟန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ထိုင်းစစ်တပ်က ဖမ်းဆီးပြီး မြန်မာအစိုးရကို လွဲပြောင်းခဲ့ရာမှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၁၉၈၀ မှာ ပြန်လည် လွတ်မြောက်လာပါတယ်။ ၁၉၉၂ မှာတော့ ဦးလော်စစ်ဟန်ဟာ သား စတီဗင်လောနဲ့ အတူ အေရှားဝေါလ်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး နောက်မှာတော့ မြန်မာပြည် စီးပွားရေးလုပ်ငန်းမှာ ဩဇာကိတ္တိမရှိတဲ့သူတဦး ဖြစ်လာပါတယ်။ စစ်အစိုးရကို ထောက်ခံပေးခဲ့တဲ့အတွက် ဆိပ်ကမ်း၊ အဝေးပြေးလမ်းတွေနဲ့ လေယာဉ်ကွင်းတွေ ဆောက်လုပ်ခွင့် ကန်ထရိုက် ရလာပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနကတော့ လော်စစ်ဟန်ကို ဟီရိုအင်းခေါင်းကိုင်ဆရာကြီး ဘိန်းရာဇာ အဖြစ် အမည် ပေးခဲ့ပြီးတော့  ၂၀၀၈ ခုနှစ် ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ လော်စစ်ဟန်ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ ပါဝင်ပတ်သက်မှု၊ သူကွယ်လွန်သွားတဲ့ နောက်မှာ မြန်မာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေရဲ့ အလားအလာနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါး စောင့်ကြည့်ရေး ထုတ်ပြန်ချက်တွေကို ထုတ်ဝေနေတဲ့ ရှမ်းသံတော်ဆင့်သတင်းဌာနက အယ်ဒီတာ ဦးခွန်စိုင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ သူကြောင့်မို့ အမည်းစက် စွန်းထင်းခဲ့တာမျိုး ရှိလား။ “အနည်းနဲ့ အများတော့ ရှိတာပေါ့။ ဒါပေမယ့် တဖက်ကလည်း သူကို အပြစ်ပုံချလို့မှ မရတာ၊ ဘာဖြစ်လို့လဲ ဆိုတော့ မူးယစ်ဆေးဝါးဆိုတာ သူ့ခေတ်နဲ့ လာတာကိုး။ အဲဒီခေတ်တုန်းက ဆိုလို့ရှိရင် ကိုးကန့်တို့၊ ၀တို့၊ ၀ိုင်းမော်တို့ဆိုတာ သူတို့က ဘိန်းနဲ့ ပတ်သက်ပြီးတော့မှ အခွင့်အရေးကို ရဖို့ဆိုလို့ရှိရင် အစိုးရက လုံးဝ တိတိလင်းလင်း အခွင့်အရေးပေးထားတာကိုး။ အဲဒါကြောင့်မို့လို့ သူတို့ အဲဒီ အခြေအနေမှာ သူတို့ကို သွားပြီးတော့မှ အပြစ်ပုံချလို့ မရဘူး။” သူ ဘိန်းလုပ်ခဲ့အချိန်က အစိုးရနဲ့ ပူးပေါင်းပက်သက်မှု ရှိခဲ့လား။ “ရှိတာပေါ့။ ၁၉၆၀ ခုနှစ်မှာ သူတို့က ကာကွယ်ရေး ဖြစ်တာကိုး အစိုးရက ဖွင့်ပေးထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ အစိုးရက သူတို့ကို ကွန်မြူနစ်နဲ့ ဆန့်ကျင့် တိုက်ခိုက်ဖို့မှာ သူတို့ကို အသုံးချတယ်။ ဒီတော့ သူကလည်း တဖက်တလမ်းကနေပြီးတော့မှ ဘိန်းကုန်ကူးဖို့အတွက် အစိုးရဘက်က သူတို့ကို အခွင့်အလမ်းပေးထားတယ်။ အဲဒီတော့ အကြီးအကျယ် သူလုပ်နိုင်တာကိုး။ အဲဒီအချိန်မှာ သူဟာ ရှမ်းပြည်မှာဆိုလို့ရှိရင် ပထမ ဘိန်းဘုရင်ဆိုတာ ကိုးကန့်ပဲ၊ အမျိုးသမီးက အောလစ်ယန်း ဖြစ်တယ်။ အောလစ်ယန်း အဖမ်းခံရပြီးနောက်ပိုင်းမှာ ဒုတိယကတော့ ဒီလောစစ်ဟန်ပေါ့။ ဒီလောစစ်ဟန်က ၁၉၆၀ ကျော်ကျော်ကနေပြီးတော့မှ ၁၉၇၁ မှာ ဆိုလိုရှိရင် အင်မတန်မှ နာမည်ကြီးတယ်။ ဒါကြောင့်မိုလို့ သူ့ကို အဲဒီတုန်းက အမေရိကန်ကလည်း လိုချင်တယ်။ မူးယစ်ဆေးဝါး  အကြီးအကျယ် ထုတ်တယ်။ ခွန်ဆာထက် အရင် နာမည်ကြီးတဲ့လူပေါ့။ ၁၉၇၃ ခုနှစ်မှာကျတော့ ကာကွယ်ရေးတွေကို သူတို့က ဖျက်လိုက်တော့ သူက တောခိုတယ်။ တောခိုပြီးတော့ ဒီ အက်စ်အက်စ်အေနဲ့ ပေါင်းပြီးတော့မှ မူးယစ်ဆေးဝါး ပပျောက်ရေး အဆိုပြုလွှာကို သူတို့ ပူးတွဲပြီးတော့မှ လာထုတ်တယ်။ အဲဒီမူးယစ်ဆေးဝါး ပပျောက်ရေးက ဘာလဲဆိုတော့ နံပါတ် ၁ ကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်တဲ့ ဘိန်းတွေအားလုံးကို အမေရိကန် အစိုးရက ၀ယ်ယူပါ။ ဒီလို ၀ယ်ယူခြင်းအားဖြင့် ဘိန်းဖြူ မဖြစ်သွားအောင် တားဆီးနိုင်မယ်။ နံပါတ် ၂ ကတော့ ကျနော်တို့ မြန်မာပြည်မှာ ရှိနေတဲ့ စစ်အစိုးရကို ၁၉၄၇ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြန်လည်ကိုင်ဆွဲအောင် တိုက်တွန်းပေးပါ။ အဲဒီအချိန်မှာ ဆိုလို့ရှိရင် ဒီမိုကရေစီလည်း ပြန်ရောက်လာမယ် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီမိုကရေစီ နည်းအကျ ရွေးကောက်တဲ့ ရှမ်းပြည်နယ် အစိုးရဆိုတာလည်း ဖြစ်လာမယ်။ အဲဒီအချိန်မှာဆိုလို့ရှိရင် မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်သွားနိုင်လိမ့်မယ်တဲ့ ဆိုပြီးတော့မှ သူတို့ ပူးတွဲ တင်ပြခဲ့တာကိုး။ ဒါပေမယ့် သူက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီထိုင်းနိုင်ငံထဲကို ၀င်လာပြီး ဆွေးနွေးဖို့ လုပ်တဲ့အခါကျတော့ ထိုင်းဘက်က သူ့ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးနောက်ပိုင်းကျတော့ မြန်မာအစိုးရက သူ့ကို ပြန်ပြီးတော့ တောင်းယူတယ်။ တောင်းယူပြီးတော့ သူ့ကို သေဒဏ်ပေးတယ်။ သေဒဏ်ပေးပြီးတော့ ၁၉၈၀ ကျတော့ သူက လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတာပေါ့။” လောစစ်ဟန်က အေးရှားဝေါး ကုမ္ပဏီကို သူ့သားနဲ့ထူထောင်ခဲ့တယ်။ သူအရင်တုန်းက ဘိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တစုံတရာ အပြစ်ပေးမခံရဘဲနဲ့ မြန်မာပြည် စီးပွားရေး လောကမှာ အခုထိ လွှမ်းမိုးထားနိုင်တဲ့အပေါ်ဘယ်လိုမြင်လဲ။ [caption id="attachment_41405" align="alignleft" width="300" caption="ဦးခွန်စိုင်း"][/caption] “သူ (လောစစ်ဟန်) က မြန်မာပြည်ရဲ့ စစ်အစိုးရကို တဖက်တလမ်းကနေ သက်ဆိုးရှည်အောင် ကူညီပေးခဲ့တာကိုး။ ၁၉၈၈ တို့ ၁၉၈၉ တို့ဆိုတာ စစ်အစိုးရက အဲဒီအချိန်မှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေနဲ့ အလူးအလဲဖြစ်နေတဲ့ အချိန်မှာ သူက အစိုးရနဲ့ ဗကပကို တော်လှန်လိုက်တဲ့ ကိုးကန့်တို့ ၀နဲ့ စေ့စပ်ဆွေးနွေးမှုမှာ သူက ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါကြောင့်မို့လို့ အစိုးရကလည်း သူကို ကျေးဇူးဆပ်တာပေါ့။ သူကလည်း အဲဒီအချိန်မှာ အေးရှားဝေါးလ် ကုမ္ပဏီကို သူက ထောင်တဲ့အခါကျတော့ အစိုးရကလည်းသူကို အထောက်အကူပေးတာပေါ့ အဲဒီအချိန်ကစပြီးတော့ ကြီးပွားလာတာပေါ့။” သူ့ကြောင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့၊ မြောက်ပိုင်းတို့ရဲ့ တော်လှန်ရေးလုပ်ငန်းမှာ ပုံရိပ်တွေ နည်းနည်း စွန်းထင်းတာနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သေးလဲ။ “ရှမ်းပြည်မှာ တော်လှန်ရေး လုပ်တယ်ဆိုလို့ရှိရင် ဘိန်းတို့ မူးယစ်ဆေးဝါးတို့ ဒီကိစ္စဟာ ဘယ်အဖွဲ့မှ လွဲရှောင်လို့မရတဲ့ ကိစ္စဖြစ်တယ်။ ကိုယ့်ရဲ့ပြည်သူတွေက ဘိန်းစိုက်နေတော့ ကိုယ်က သွားပြီးတော့ ဘိန်းကို သွားဖျက်မယ်ဆိုတာ ရမှမရဘဲ၊ ကိုယ်က ပြည်သူအပေါ်မှာ အားကိုးပြီးတော့ နေနေရတဲ့ တော်လှန်ရေးတွေကိုး။ အဲဒီတော့ ဘိန်းက ပတ်သက်နေတယ်။ သို့သော်လည်းပဲ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားဘက်က သူတို့ မူးယစ်ဆေးဝါး ပပျောက်ရေး ဆိုပြီးတော့ မူးယစ်ဆေးဝါး စစ်ဆင်ရေးကို လုပ်နေတဲ့အချိန်မှာ သူက ဘိန်းရာဇာအဖြစ် ကြီးပွားလာတဲ့အခါကျတော့ သူ့ရဲ့နာမည်ဟာလည်း ရှမ်းအမျိုးသား တော်လှန်ရေးတွေ အပေါ်မှာ လာပြီးတော့ စွန်းထင်လာတော့ ဒီဥစ္စာဟာ လွဲရှောင်လို့မရတဲ့ ဟာပဲပေါ့ အဲဒီလိုပဲ ပြောရတော့မှာပေါ့။” သူ့ကို အမေရိကန် အစိုးရကလည်း လိုချင်တယ်၊ ဒါပေမယ့် အခုအချိန်မှာ အမေရိကလည်း သူကို ပြည့်ပြည့်၀၀ အရေးယူနိုင်ခဲ့ခြင်း မရှိတဲ့အပေါ်မှာ ဘယ်လိုသဘောထားလဲ။ “နံပါတ် ၁ က ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ အစိုးရက သူ့ရဲ့နိုင်ငံရေး ရပ်တည်မှုထက် သူ့ရဲ့ သက်ဆိုးရှည်မှုအတွက် အထောက်အကူပြုတဲ့ လူတွေ မှန်သမျှ သူတို့ကလည်း အထောက်အကူပြန်ပြုတာကိုး၊ ဒီဥစ္စာဟာ မဖမ်းဘူးပေါ့။ နံပါတ် ၂ ကလည်း အမေရိကန်အစိုးရက မြန်မာအစိုးရနဲ့ ဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ၊ မကောင်းဘူးလဲ အဲဒါတော့ ပြန်ကြည့်ရမှာပေါ့။ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၁၉၈၈ ကနေ ပြီးခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်လောက်ထိ အစိုးရနဲ့ အမေရိကန် အစိုးရ ဆက်ဆံရေး မကောင်းခဲ့ပဲ။ အဲဒီမကောင်းခဲ့တဲ့ အခြေအနေမှာ လောစစ်ဟန်ကို အပ်ပေးရမယ်၊ ခွန်ဆာတို့ကို အပ်ပေးရမယ်၊ ဒီဥစ္စာတွေဟာ စဉ်းစားလို့ မရတဲ့ ဟာတွေပဲ ဖြစ်မှာပေါ့။” သူကွယ်လွန်သွားတာက ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လုပ်ငန်းအပေါ် ဘယ်လို သက်ရောက်မှုမျိုးတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းလဲ။ “ကျနော်မြင်တာကတော့ သူရော၊ ခွန်ဆာရော သူတို့ ဆုံးသွားကြပေမယ့် မူးယစ်ဆေးဝါးက ဘာမှ မပျောက်သွားဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ဘိန်းရာဇာတွေနဲ့ ဘာမှ မဆိုင်ဘူး။ ဒါတွေက မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေး၊ အထူးသဖြင့် ရှမ်းပြည်နဲ့ ပတ်သက်တဲ့ မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ မြန်မာပြည်အစိုးရက ရှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသားတွေကို အုပ်ချုပ်တဲ့နေရာမှာ လိမ်မာ ပါးနပ်မှု မရှိမှု အဲဒီအပေါ်ကနေ ဖြစ်ပေါ်လာတာကိုး။ တကယ်လို့သာ နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုလို့ရှိရင် ရှမ်းပြည်နယ်ဟာ အေးချမ်းသာယာနေမယ်၊ ရှမ်းပြည် အေးချမ်းသာယာနေလို့ရှိရင် ဥပဒေ စိုးမိုးရေး ဆိုတာကိုလည်း လုပ်နိုင်မယ်။ ဒီစိုးမိုးရေးကို လုပ်နိုင်လို့ရှိရင် ဒီပြဿနာတွေကိုလည်း ဖြေရှင်းနိုင်တာပဲ၊ အဲဒါကို မဖြေရှင်းနိုင်ခဲ့လို့ အခုအထိ ခံနေရတာပေါ့။ ၁၉၇၃ ခုနှစ်တုန်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူတို့ တင်ပြပေးခဲ့ပြီးပဲ။ အခု နှစ်ပေါင်း ၄၀ ကျော်တောင် ရှိသွားပြီ။ တကယ်လို့ အစိုးရဘက်ကရော၊ အမေရိကန် အစိုးရဘက်ကရော၊ ကမ္ဘာ့ နိုင်ငံတွေကရော အရေးတယူ ဖြေရှင်းပေးခဲ့မယ်၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူတို့ အခွင့်အလမ်းတွေ ကူညီပေးခဲ့မယ်ဆိုရင် အခုအခြေအနေ ဘယ်လို ဖြစ်မလဲ။ ဒါဟာ အများကြီး အားလုံး ၀ိုင်းစဉ်စားပြီးတော့မှ လမ်းကြောင်းပြောင်းဖို့ အချိန်ရောက်လာပြီလို့ပဲ ပြောချင်တယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up