မွန်တွင် ကလေး ၂ ဦး ကိုဗစ်ပိုးတွေ့၊ အတူကစားခဲ့သည့် ကလေး ၁၀ ဦးကို Quarantine ပို့
DVB
·
October 2, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ခဲ့ပြီး ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုအရ ဘီးလင်းမြို့နယ် ၆ ဦး၊ မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ် ၂ ဦးစီ၊ ကျိုက်ထိုမြို့နယ် ၁ ဦး၊ စုစုပေါင်း ၁၁ ဦး ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတာပါ။
ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်မြို့နယ်က အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ သံဖြူဇရပ်မြို့နယ်က အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း ၂ ဦး ပါဝင်ခဲ့တာပါ။
လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာ ကလေးငယ် ၂ ဦးနဲ့ အတူကစားဖူးတဲ့ ကလေးငယ် ၁၀ ဦးကို Quarantine စင်တာကို ပို့ဆောင်ထားတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၈၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။