အွန်လိုင်းဈေးကွက်၌ရောင်းသည့် ကိုဗစ်ကာကွယ်ဆေးမသုံးရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး
DVB
·
October 2, 2020
လူမှုကွန်ရက်တွေ၊ အင်တာနက်စာမျက်နှာတွေနဲ့ online ဈေးကွက်တွေမှာ ကြေညာနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။
ဒီနေ့အချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြု ထောက်ခံတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးတာကြောင့် အခုလို အသိပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ဖို့ “ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊ လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊ ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊ ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊ ဓာတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊” စတဲ့အချက်တွေ သိရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီအချက်တွေ သိဖို့ ဓာတ်ခွဲခန်းအတွင်းနဲ့ တိရစ္ဆာန်တွေမှာ စမ်းသပ်တဲ့အဆင့်၊ လူမှာ စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်တဲ့အဆင့် (၃) ဆင့် (3 phases of clinical trial) နဲ့ အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်မှာ ရောင်းချပြီးနောက် ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာကာ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူ စနစ်တကျဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကြိုးစားဆောင်ရွက်နေပေမဲ့ နိုင်ငံတွေနဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေး တွေမှာ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု ပြီးမြောက်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်တွေ၊ အင်တာနက်စာမျက်နှာတွေနဲ့ online ဈေးကွက်တွေမှာ ကြေညာနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃ ယောက်၊ သေဆုံးသူ ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။