Home
မြန်မာသတင်း
ရေကြောင်းက ၀င်ရောက်သည့် တရားမ၀င်ကုန်ပစ္စည်းများ ဖမ်းဆီးမည်
DVB
·
July 9, 2013
တရားမ၀င် ကုန်စီးဆင်းမှု လျော့ကျစေဖို့ ပင်လယ်ဆိပ်ကမ်းတွေမှာ သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးမှုတွေကို အခု  ရက်ပိုင်းအတွင်း စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ နယ်စပ်လုံခြုံရေးနဲ့ ကွပ်ကဲရေး(နစက) စတဲ့ အစိုးရ ဌာနပေါင်းစုံနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့  Mobile Team ခေါ် ကုန်သွယ်မှုစောင့်ကြည့် စစ်ဆေးရေးအဖွဲ့တွေက   ပင်လယ်ဆိပ်ကမ်းတွေမှာ  တရားမ၀င် စစ်ဆေးမှု ပြုလုပ်တော့မှာပါ။ ပင်လယ်ရေကြောင်းကတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်မဟုတ်ဘဲ အဓိက ၀င်ရောက်မှု ရှိနေတာကတော့ စက်သုံးဆီ၊ မီးဖိုချောင်သုံး LPG ဂတ်စ်နဲ့ တယ်လီဖုန်းဟန်းဆက်တွေပါ။ ဒီပစ္စည်းတွေဟာ တရားဝင်လိုင်စင် လျှောက်ပြီး ပြည်ပက  တင်သွင်းခွင့်ပြု ထားတဲ့ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်  ဒီပစ္စည်းတွေဟာ  တင်သွင်းခွင့်ပြုထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ပြည်တွင်းဈေးကွက်ထဲမှာ ရောက်ရှိနေတာကြောင့်  တရားမ၀င်ကုန်စီးဆင်းမှု လျော့ကျစေဖို့  ကမ်းရိုးတမ်းနဲ့ ပင်လယ်ဆိပ်ကမ်းတွေမှာ အခုရက်ပိုင်းကစပြီးတော့ စောင့်ကြည့် စစ်ဆေးမှုတွေ စတင်တော့မယ်လို့ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးညွန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီမှာ ကျနော်တို့ ၂ ခု သွားတွေ့ရတယ်။ တခုက စက်သုံးဆီပါ။ စက်သုံးဆီမှာလည်း နှစ်အလိုက်တင်သွင်းခဲ့တဲ့ဟာတွေရယ်၊ တင်သွင်းခဲ့တဲ့ မော်တော်ကားတွေကိစ္စရော အဆင့်မြင့်စက်ဆီ အောက်တိန်းပေါ့။ အဲဒါက ကျနော်တို့ဆီမှာ လိုင်စင်လျှောက်ထားတာနဲ့ မြေပြင်မှာသုံးတဲ့ဟာ ကွာခြားမှုရှိတော့ ဒါတွေကို ပြန်ပြီးစိစစ်ပါမယ်။ နောက်တခု LPG ဂက်စ်က ကျနော်တို့ဆီမှာ အမြဲတမ်း ဟိုတယ်တွေရော၊ စားသောက်ဆိုင်တွေရော၊ အိမ်သုံး၊ လုပ်ငန်းသုံးပေါ့။ အရမ်းများတယ်။ သို့သော်လည်း တင်သွင်းထားတာက တရားဝင် နည်းနည်းလေးပဲ ရှိတယ်။ အဲဒါကြောင့် LPG ဂက်စ်လည်း ပါပါတယ်။ နောက် တယ်လီဖုန်း ဟန်းဆက်ဆိုရင်လည်း ကျနော်တို့ဆီမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တနှစ်လုံး ပင်လယ်ရေကြောင်းကနေ ၅၀၈၉၅ လုံး တင်သွင်းသွားပါတယ်။ နယ်စပ်ကနေ လိုင်စင်နဲ့ လုံးဝတင်သွင်းမှုမရှိပါဘူး။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ-မေ-ဇွန် မှာ လိုင်စင်လာလျှောက်သွားတာ ၁၅၁၄၀ လျှောက်သွားတယ်။ ကာစတန်နဲ့ညှိပြီးရင် အမှန်တင်သွင်း ကျနော်တို့ရရင် ဖြည့်လို့ရပြီ။ လျှောက်သွားတဲ့အရေအတွက်တွေပါ။ ကျနော်တို့ ချထားပေးတဲ့ ဆင်းကတ်အရေအတွက်က နည်းတာမဟုတ်ဘူး၊ အဲမှာ ကျနော်တို့ တွေ့ရပါတယ်။” အခုလို တရားမ၀င် ၀င်ရောက်နေတဲ့ ဟန့်တားနိုင်ခြင်းဖြင့် စားသုံးသူနဲ့ ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအပေါ်မှာ အကာအကွယ် ပေးနိုင်မယ့်အပြင် ကုန်သွယ်မှုလည်း တိုးလာမယ်လို့ ဆိုပါတယ်။ “ပင်လယ်ရေကြောင်းက ကျနော်တို့ မလုပ်ဖူးသေးဘူး။ အခုစလုပ်မှာပါ။ တက်မယ်လို့ ထင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးက ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒေါ်လာ ၃၈၆ သန်း တက်သွားတယ်။ နိုဝင်ဘာက စလုပ်တာ။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်ဆိုတော့ ၅ လအတွင်း စာရင်းချုပ်တာ။ နောက် ကျနော်တို့  Mobile Team အနေနနဲ့ကလည်း မလိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချိန်ကြန့်ကြာမှုတွေ အားလုံး ဖြေလျှော့ပေးတယ်။ နောက် ပို့ကုန်သွင်းကုန်အမယ် ၃၁၈ မျိုးအထိ လိုင်စင်ယူရန်မလိုဆိုပြီး လုပ်ပေးလိုက်တယ်။ ဒါပေမယ့် လမ်းကြောင်းပေါ်ကို တက်သင့်သလောက် တက်မလာဘူး။ အဲဒါကြောင့် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ တည့်မတ်ပေးတာပါ။ အဲလိုလုပ်တဲ့အတွက် စားသုံးသူတွေအတွက် အကာကွယ်ပြုရာလည်း ရောက်ပါတယ်။ နောက်တခုက အသေးစား၊ အလတ်စားလုပ်ငန်းတွေပေါ့။ အဲဒါတွေကျတော့လည်း တရားမ၀င်တင်သွင်းလာတဲ့ ပစ္စည်းတွေကြောင့် တချို့အဖွဲ့တွေ ရပ်ခါနီးဖြစ်သွားတယ်။ အဲဒါတွေကို ကာကွယ်တဲ့အနေနဲ့ ကျနော်တို့ ၀ိုင်းလုပ်တာပါ။” ဒ့ါပြင် ဒီလိုစစ်ဆေးမှုကြောင့်  စားသုံးရန်မသင့်တဲ့ အစားအစာတွေ ဆေးဝါးအတုဆိုင်ရာ ကိစ္စတွေကိုလည်း တပါတည်း ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်စည်တွေကို ဖမ်းဆီးနိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ရှောင်ကွင်းလမ်းတွေကနေ ၀င်ရောက်လာမယ့်ကုန်စည်တွေကို ဟန့်တားနိုင်ဖို့ နယ်စပ်စခန်းတွေမှာ (One Stop Service) တနေရာတည်းအပြီး ၀န်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေ ထားရှိပြီး ၀င်ပေါက်တွေမှာ စစ်ဆေး ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒီ့နောက် ဒုတိယအဆင့်အနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မူဆယ်-မန္တလေးလမ်း ကြောင်း၊ မြ၀တီ-ရန်ကုန်လမ်းကြောင်းတွေမှာ မိုဘိုင်းရှာဖွေတားဆီးရေးအဖွဲ့ ဖွဲ့ပြီးတော့ ရှာဖွေဖမ်းဆီးမှုတွေုလုပ်ခဲ့ပါတယ်။ ခုနောက်ဆုံး လေကြောင်းနဲ့ ရေကြောင်းတွေကနေ တရားမ၀င်  ကုန်သွယ်မှုတွေကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်လာတာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု အနေအထားမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ကုန်သွယ်မှုပမာဏ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းရှိတာ ဖြစ်လို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024